Sunday, May 9, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့

 

ရန်ကုန် မေ ၉

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို မေ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ ကျင်းပသည်။

 

အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဦးလှစိုး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာန၊  ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် မသန်စွမ်းပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ ပြဌာန်းထားရှိပြီး ဖြစ်သကဲ့သို့ နည်းဥပဒေ အတည်ပြုပြဌာန်းနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး လုပ်ငန်းများအနေဖြင့် မျက်မမြင်ကျောင်း များ၊ နားမကြားသောကလေးများကျောင်းများ၊ မသန်စွမ်းသက်ငယ်သန်တန်း ကျောင်းများ၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ မသန်စွမ်းကလေးများပြုစု စောင့်ရှောက်ရေးဂေဟာ များဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

 စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအနေဖြင့် ၎င်းတို့ တည်ထောင်ဖွင့်လှစ်ထားရှိသော ပရဟိတဂေဟာများနှင့် ဘိုးဘွား ရိပ်သာများအတွက် ထောက်ပံ့ငွေပေးအပ်လျက်ရှိပါကြောင်း၊ လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်နှင့် သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေ (၂၀၁၆)ပါ သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရေးတို့အတွက် လူမှုရေး ပင်စင်ထောက်ပံ့ခြင်းအစီအစဉ်အဖြစ်  အသက် (၉၀)နှင့်‌ အထက် သက်ကြီးရွယ်အိုများကို တစ်ဦးကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးရာ နောက်ပိုင်းတွင် အကျုံးဝင်အသက်ကို အသက်(၉၀)မှ အသက် (၈၅) နှစ်သို့လျှော့ချ၍ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။

 

ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာန၏မူဝါဒဖြစ်သည့် ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ် စေရေးနှင့် ဘေးဒဏ် ခံစားရသောပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေ ရေးဆိုသည့်မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဌ ဦးဆောင်သည့် “အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများ ကဏ္ဍအလိုက် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်ထောင်စု၀န်ကြီးများ ဥက္ကဌအဖြစ်တာ၀န်ယူ ဆောင်ရွက်သည့် လုပ်ငန်းကော်မတီ (၁၂)ခုကိုလည်းဖွဲ့စည်းထားရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် တွင်လည်း သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌများ ဦးဆောင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိပြီး ခရိုင်၊ မြို့နယ်၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့များကိုလည်း အဆင့်ဆင့်ထပ်မံဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဘေးဒဏ်ကိုလက်တွေ့ရင်ဆိုင် ကြုံတွေ့ခံစားရသည့် ပြည်သူလူထု၏ သဘာဝဘေးအသိပညာ တိုးပွားရေး၊ ရပ်ရွာများ၏ ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားရေးတို့ကိုလည်း လူမှုရေးအဖွဲ့အစည်းများ အပါအဝင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယနေ့အခမ်းအနားတွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအစီအစဉ် ပါဝင်သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ထားသည့်အခြေအနေများကို အနည်းငယ် ဖြည့်စွက်ရှင်းလင်း တင်ပြ လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအား အဖွဲ့၀င်နိုင်ငံအဖြစ် လက်မှတ်ရေးထိုး ခဲ့ပြီး နိုင်ငံတကာစံနှုန်းများကို ပြည့်မီစေနိုင်ရန် မသန်စွမ်းသူများ အတွက် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့ပါကြောင်း၊ ဥပဒေနှင့်အညီ နည်းဥပဒေများ (၂၀၁၇)ကို ရေးဆွဲချမှတ်ခဲ့ပါကြောင်း၊ ယင်းဥပဒေ၊ နည်းဥပဒေများကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီ၊ လုပ်ငန်းကော်မတီများအပြင် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါ ကြောင်း၊ ယင်းကော်မတီများတွင် ဆက်စပ်ဝန်ကြီး ဌာနများအပြင် မသန်စွမ်းမှုဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကိုလည်း ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ မသန်စွမ်းသူများ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်း၊ အစိုးရနှင့်အခြားအဖွဲ့အစည်းများက ဖွင့်လှစ်သည့် သင်တန်း များ၊ အများပြည်သူအတွက် ထောက်ပံ့ပေးသည့်ဝန်ဆောင်မှုများ ရရှိခံစားနိုင်ရေးအတွက် မသန် စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း စနစ်တစ်ရပ် ပေါ်ထွက်လာစေရေးအတွက် ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအေဂျင်စီ များ၊ INGO, NGO များ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးလှစိုးနှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က အမှာစကားပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေကျပ်  ၇၉၄ ဒသမ ၁၉၉ သန်း၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၃၁၇၀၉) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်  ၉၅၁ ဒသမ ၂၇၀ သန်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မသန်စွမ်းသူ (၈၇) ဦးအတွက်    ထောက်ပံ့ငွေကျပ် ၂၆ ဒသမ ၁၀ သိန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မေ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေကျပ် (၂၂၄ ဒသမ ၆၁၅ သိန်း) ထောက်ပံ့ငွေ ကျပ် စုစုပေါင်း (၁၇၇၀ ဒသမ ၅၄၀ သိန်း) ကို ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဝင်များက ခရိုင်အလိုက်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံ အဆိုပါ ထောက်ပံ့ငွေများကို ဆက်လက်ထောက်ပံ့ပေးအပ်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တို့သည် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို တက်ရောက်လာသည့် အသက်(၈၅) နှစ်အထက် ဘိုးဘွားများနှင့် မသန်စွမ်းပုဂ္ဂိုလ်များထံ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ် ကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ကိုယ်စား  ဂေဟာကော်မတီဥက္ကဌ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းဒေါင့်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ရန်ကုန် ပြန်လည်ထူထောင်ရေးစခန်းတွင် Drug Rehabilitation Center တည်ဆောက်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သိရှိလိုသည်များ မေးမြန်းကာ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဉီးစီးမှူးရုံး၌ ကျင်းပသည့် ရန်ကုန်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်များ နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ကြားကာလအစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ရမှုအခြေအနေ များနှင့် လတ်တလောဆောင်ရွက်ချက်များ၊ နိုင်ငံဝန်ထမ်းများအနေဖြင့် ထားရှိအပ်သော ခံယူချက်သဘောထားနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းများကိုထိရောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရန်တို့နှင့်စပ်လျဉ်း၍  တိုက်တွန်းရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားပြီး တက်ရောက်လာသူဝန်ထမ်းများက တင်ပြလိုသည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး တက်ရောက်လာသူ ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်း ကျောင်းအတွင်း သင်တန်းသားများ နေထိုင်မှု၊ စာပေလေ့လာသင်ကြားနေမှုနှင့် အသက်မွေး ဝမ်းကျောင်းသင်တန်းများဖြစ်သည့် ဆိုင်ကယ်ပြင်သင်တန်း၊ တံမြက်စည်းရက်လုပ်မှုသင်တန်း၊ ဆံသသင်တန်းများ သင်ကြားနေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့ရှိ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကျောင်းတိုက်ရှိ ဆရာတော် ဦးပညာနန္ဒ အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ အဆိုပါ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဝန်ကြီးဌာန ၏ ထောက်ပံ့မှုဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၅၆၀ ဒသမ ၇၃ သိန်းကို ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ဆရာတော်ဦးပညာနန္ဒထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)


 

No comments:

Post a Comment