Sunday, May 9, 2021

ဒေသတစ်ခုချင်းစီ၏ ဝိသေသလက္ခဏာပါသော ထုတ်ကုန်များကို အရည်အသွေးမြင့်မြင့် တွင်တွင်ကျယ်ကျယ်ထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းပြည်ပ ဈေးကွက်များသို့ ထိုးဖောက် ဝင်ရောက် နိုင်ရေးကြိုးပမ်းရန်လိုအပ်

 

နေပြည်တော် မေ ၉

နိုင်ငံလူဦးရေအများဆုံး  မှီတင်းနေထိုင်ရာ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး၊ ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ၏ အထွက်နှုန်း တိုးတက်ရေး သာမက အရည်အသွေးကောင်းမွန်ရေး၊ တန်ဖိုးမြင့်ကုန်ချောများအဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေးကိုပါ အားပေး ကူညီဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်၍ ဒေသတစ်ခုချင်းစီ၏ ဝိသေသလက္ခဏာပါသော ထုတ်ကုန်များကို အရည်အသွေး မြင့်မြင့် တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းပြည်ပ ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးကိုလည်း သက်ဆိုင်သူ အားလုံးတို့က နည်းလမ်းများ ရှာဖွေဖော်ထုတ် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တစ်ဖက်ကလည်း ကုန်ချောအရည်အသွေး မြင့်မားရေး၏ အဓိကအရင်းအမြစ်ဖြစ်သည့် ကုန်ကြမ်းများ အရည်အသွေးကောင်းမွန်ရေးနှင့် ခေတ်မီစက်ကိရိယာများ အသုံးပြုနိုင်ရေးတို့အတွက် လိုအပ်သော လေ့လာစမ်းစစ်မှုများ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ နည်းပညာအကူအညီများ လိုအပ်ပါက မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် ဆက်သွယ်ရယူနိုင်ကြပါကြောင်း မေ ၈ ရက် နံနက်ပိုင်းက ဧရာဝတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပန်းဧရာစက်မှုလက်မှု ကုန်ထုတ် သမဝါယမအသင်း၏ သင်းဖြူးဖျာအလုပ်ရုံ၌ အသင်းတာဝန်ရှိသူများ အသင်းသူအသင်းသား များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ယင်းနောက် ပန်းဧရာစက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်း တာဝန်ရှိသူက အသင်း၏ သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က သင်ဖြူးဖျာ ကုန်ကြမ်းဖြစ်သည့် သင်ပင် စိုက်ပျိုးထွက်ရှိမှုနှင့် အရည်အသွေးဆိုင်ရာ တိုးတက်ရေး လေ့လာဆောင်ရွက်ရန်၊ တန်ဖိုးမြင့် ကုန်ချောပစ္စည်းများ အရေအတွက်များများ ထုတ်လုပ်နိုင်ရန် စက်ကိရိယာ အသုံးပြုခြင်း နည်းပညာအဆင့်မြှင့်တင်ခြင်းအတွက် ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်နိုင်ရေး တို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် သင်းဖြူးဖျာအလုပ်ရုံအတွင်း ဆောင်ရွက်နေသော သင်ဖြူးဖျာယက်လုပ်မှု လုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် Global Earth စိုက်ပျိုးရေးနှင့်ငါး လုပ်ငန်းထွက် တန်ဖိုးမြင့် ကုန်ထုတ်လုပ်ငန်း အများပိုင်ကုမ္ပဏီလီမိတက်သို့ ရောက်ရှိကြပြီး ခေတ်မီနည်းစနစ်အသုံးပြု၍ ငါးသားပေါက် မျိုးကောင်းမျိုးသန့်များ မွေးမြူထုတ်လုပ်ခြင်း၊ သံမဏိကန်များတွင် ငါးအရွယ်အစားအလိုက် ခွဲခြားမွေးမြူခြင်းအပါအဝင် ငါးမွေးမြူ ထုတ်လုပ်ရေး စနစ်အမျိုးမျိုး လည်းကောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ အသုံးပြုထုတ်လုပ်သည့် ငါးအစာ စက်ရုံ ၊ ပြုပြင်ထုပ်ပိုးသိုလှောင်သည့် ငါးအေးခဲစက်ရုံ၊ အသင့်စားသုံးနိုင်သော ငါးအခြေခံ တန်ဖိုးမြင့် စားသောက်ကုန်ထုတ် စက်ရုံများနှင့် အဆင့်မြင့် ဝန်ထမ်းနေအိမ်များ တည်ဆောက်နေမှုလုပ်ငန်းခွင်ကို လည်းကောင်း လှည့်လည် ကြည့်အားပေးကြသည်။

Global Earth စိုက်ပျိုးရေးနှင့်ငါး လုပ်ငန်းထွက် တန်ဖိုးမြင့် ကုန်ထုတ်လုပ်ငန်း အများပိုင်ကုမ္ပဏီလီမိတက် အနေဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်သည်မှ အသင့်စားသုံးနိုင်သော ငါးအခြေခံ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်သည်အထိ လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်နေရာတည်းတွင် စုဖွဲ့ဆောင်ရွက်ခြင်းဖြစ်ပြီး ဝန်ထမ်းတစ်သောင်းကျော် တိုက်ရိုက် ခန့်ထား ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်လုပ်ငန်းများမှ သွယ်ဝိုက်သောနည်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း ငါးသောင်းကျော်ကို အကျိုးပြုလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် တန်ဘိုးမြှင့် ငါးကုန်ချောထုတ်လုပ်ရောင်းချသူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုလုပ်ငန်းများ၊ ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် နိုင်ငံခြားငွေရရှိနိုင်မှု၊ ပြည်တွင်း စိုက်ပျိုးရေးကုန်ကြမ်းများ အသုံးချမှုလိုအပ်ချက်နှင့် အလုပ်အကိုင်ရရှိမှုအခြေအနေများ၊ ပြည်တွင်း ပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် တက္ကသိုလ်များနှင့် ပူးပေါင်း၍ ငါးလုပ်ငန်းသုတေသနဆိုင်ရာ ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည်  ပုသိမ်မြို့ရေပေးဝေရေး စီမံကိန်း(မရမ်းချောင်း)သို့ ရောက်ရှိကြပြီး ရေတင်စက်ရုံ ရေစုကန်နှင့် ရေစစ်ကန်များ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြရာ စီမံကိန်းတာဝန်ခံများက ရှင်းလင်း တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသည်။

မရမ်းချောင်း ရေပေးဝေရေးစီမံကိန်းပြီးစီးပါက ပုသိမ်မြို့ပေါ်ရှိ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ အသုံးပြုနိုင်ရန်အတွက် တစ်ရက်လျင် ရေဂါလံ ၄၅ သိန်း ဖြန့်ဝေပေးနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် ရေတင်စက်ရုံ ရေစုကန်နှင့် ရေစစ်ကန်များ တည်ဆောက်ခြင်း ၈၆ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ ကျန်လုပ်ငန်းများ သတ်မှတ်ကာလ ပြီးစီးရေးနှင့် စီမံကိန်း အကျိုးပြု ဧရိယာအတွင်း ရေပိုက်လိုင်းများသွယ်တန်းခြင်း၊ ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)


 

No comments:

Post a Comment