နေပြည်တော် စက်တင်ဘာ ၁၅
ယနေ့ကျင်းပပြုလုပ်တဲ့ ၂၀၁၉ခုနှစ်၊
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်း အနားသို့ တက်ရောက်ချီးမြှင့်ပေးကြတဲ့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် ဒုတိယသမ္မတနဲ့ ပြည်
ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီးနဲ့
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များနဲ့
ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီ အသီးသီးနဲ့
ပြည်တွင်းပြည်ပအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများ၊
ကျောင်းသား ကျောင်းသူများနဲ့ ဧည့်သည်တော်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံ ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ယနေ့ပြုလုပ်တဲ့
၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ်တို့က ကိုယ်တိုင်ကြွရောက်ချီးမြှင့်ပြီး
မိန့်ခွန်းပြောကြားပေးတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း
လွှတ်တော်များရဲ့ကိုယ်စား ဦးစွာပြောကြားလိုပါတယ်။
အပြည်ပြည်ဆိုင်ရာ
ဒီမိုကရေစီနေ့အခမ်းအနားကို ဒီမိုကရေစီရဲ့ ပြယုဂ်တစ်ခု ဖြစ်တဲ့
လက်ရှိလွှတ်တော်များပေါ်ပေါက်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး နေပြည်တော်
လွှတ်တော်ဝင်းအတွင်း ယခုဧည့်သည်တော်များ ရောက်ရှိနေတဲ့ သဘင်ဆောင်ခန်း
မကြီးမှာ နှစ်စဉ်ကျင်းပခဲ့ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ၂၀၁၉ ခုနှစ်၊
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားဟာဆိုရင် မိမိတို့
မြန်မာနိုင်ငံလွှတ်တော်အနေနဲ့ (၉) ကြိမ် မြောက် ကျင်းပခြင်းဖြစ်သလို
ဒီနှစ်အတွက် Inter Parliamentary Union (IPU) က ထုတ်ပြန်ပေးပို့ထားတဲ့
Participation (ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက် ကြပါစို့)
ဆိုတဲ့နှိုးဆော် တိုက်တွန်းချက်ဆောင်ပုဒ်နဲ့အညီ အနှစ်သာရရှိရှိ
ကျင်းပနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်ထားပါတယ်။
ကမ္ဘာ့နိုင်ငံ
အသီးသီးမှာလည်း နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ
ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က စတင်ပြီး နိုင်ငံတကာ
ပါလီမန်များအဖွဲ့ (IPU) က သတ်မှတ်ပေးထားတဲ့ ဆောင်ပုဒ်နဲ့အညီ
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားများ ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။
ဧည့်သည်တော်များခင်ဗျား
ဒီနေ့အခမ်းအနားကို နိုင်ငံသားပြည်သူများအားလုံး ဒီမိုကရေစီဖက်ဒရယ်စနစ်
ရဲ့ သဘောသဘာဝများကို ပိုမိုနားလည် အကျွမ်းဝင်စေဖို့၊ ဒီမိုကရေစီ
လူ့အဖွဲ့အစည်း တစ်ရပ်အဖြစ် ပြောင်းလဲပြီး စစ်မှန်တဲ့
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် ရေးအတွက် အထောက်အကူဖြစ်စေဖို့၊
နိုင်ငံရေးမှာ လူငယ်များ ပိုမိုပါဝင် လာနိုင်စေဖို့နဲ့
ကမ္ဘာ့ဒီမိုကရေစီအဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်မှုကို
ပြသနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပခြင်း ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားများ ကျင်းပနိုင်ခြင်းဟာ ဒီမိုကရေ
စီဆိုသည်မှာ လူသားတို့၏ အရေးအရာကိစ္စများဖြစ်သည်ဆိုတဲ့ အဆိုပြု တိုက်တွန်း
ချက်ကို ပြန်လည်အမှတ်ရစေဖို့ နှိုးဆော်ပေးနိုင်တဲ့ အခွင့်အလမ်းတစ်ရပ်
ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို အားလုံးပါဝင်မှု၊ တူညီမျှတစွာ ပြုမူဆက်ဆံမှု၊
ပူးပေါင်းပါဝင် ဆောင်ရွက်မှုတို့အပေါ်မှာ
အခြေခံတည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီ ဆိုတာ ငြိမ်းချမ်းရေး၊
စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေးစတဲ့ လုပ်ငန်းစဉ်များ အတွက်
မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
စစ်မှန်တဲ့
ဒီမိုကရေစီဆိုတာ အရပ်ဘက်အသိုက်အဝန်းနှင့် နိုင်ငံ့ရေးရာ စီမံခန့်ခွဲ
ကြသူများအကြား စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုအပေါ်မှာ တည်ဆောက်ထားတဲ့
နှစ်လမ်းသွား လမ်းတစ်လမ်းဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့
ညှိနှိုင်းဆွေးနွေးမှု များဟာ နိုင်ငံ့ရေးရာဆုံးဖြတ်ချက်များအပေါ်မှာ
အမှန်တကယ်ထိရောက်တဲ့ အကျိုး သက်ရောက်မှုများကို ရရှိဖြစ်ပေါ်စေမယ်လို့
ယုံကြည်ပါတယ်။
ဧည့်သည်တော်များခင်ဗျား
၂၀၁၉ခုနှစ်ဟာ
နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တည်ထောင်မှု နှစ်(၁၃၀) ပြည့်မြောက်တဲ့
အခါသမယလည်းဖြစ်ပါတယ်။ IPU နှစ် (၁၃၀)ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုများကို
ကမ္ဘာတစ်ဝန်းရှိ ပါလီမန်များမှာ 130 Years of empowering parliamentarians
ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ၂၀၁၉ ခုနှစ်၊ ဇွန်လမှစပြီး ၂၀၂၀ ပြည့်နှစ်၊ မေလအထိ
တစ်နှစ်ကြာကာလအတွင်း သတ်မှတ်ဆောင်ရွက်ကြလျက်ရှိပါတယ်။
ဒီဆောင်ပုဒ်က
မိမိတို့ဖော်ဆောင်နေတဲ့ ဒီမိုကရေစီလမ်းကြောင်း လွဲချော်မသွား စေဖို့အတွက်
ပြည်သူ့ကိုယ်စားလှယ်များရဲ့ တာဝန်ရှိပုံကို ရည်ညွှန်းလိုတယ်လို့ ယူဆ ပါတယ်။
ဒါ့အပြင် မိမိတို့လွှတ်တော်များရဲ့ အဓိကလုပ်ငန်းတာဝန်ဖြစ်တဲ့ ပြည်သူကို
ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်းနဲ့ အပြန်အလှန်ထိန်းကျောင်းခြင်း
လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လွှတ်တော်များ
အားကောင်းခိုင်မာဖို့ လိုအပ် ပုံကို ညွှန်းဆိုပြသတဲ့ တွန်းအားတစ်ရပ်လည်း
ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ဧည့်သည်တော်များခင်ဗျား
မြန်မာ့လွှတ်တော်အနေနဲ့ ယနေ့ကျင်းပတဲ့ ဒီမိုကရေစီနေ့အခမ်းအနားမှာ IPU နှစ်
(၁၃၀)ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုအပါအဝင် အထိမ်းအမှတ်ပြပွဲတစ်ရပ်
ခင်းကျင်းပြသထားပါတယ်။ အထိမ်းအမှတ်ပြပွဲကို လေ့လာခြင်းဖြင့် IPUရဲ့ အတိတ်
ကာလနဲ့ လက်ရှိကာလ လုပ်ဆောင်ချက်များကို ဆက်စပ်ပြီး IPU နဲ့
မြန်မာ့ဒီမိုကရေစီ ရဲ့ သမိုင်းကြောင်း တစ်စိတ်တစ်ပိုင်းကို
လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် ခိုင်မာအား ကောင်းပြီး ထိရောက်တဲ့
စွမ်းဆောင်မှုရှိတဲ့ လွှတ်တော်များကသာ ယနေ့ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့
ပြဿနာများကို ဖြေရှင်းပေးနိုင်မယ်ဆိုတဲ့အချက်ကို လေ့လာနိုင်တဲ့
အခွင့်အလမ်းလည်း ရရှိနိုင်ပါတယ်။
ဒီမိုကရေစီစနစ်ကျင့်သုံးရာမှာ
နိုင်ငံသားပြည်သူများအကြား တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်မှု၊
နားလည်လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုတို့ဖြင့် အများစုရဲ့ သဘောထားကို
လိုက်နာရသလို၊ လူအနည်းစုရဲ့ သဘောထားကိုလည်း အလေးထား ပြီး ဒီမိုကရေစီစနစ်
ထာဝစဉ်ရှင်သန်ရင့်ကျက်အောင် ကြိုးပမ်းရမှာဖြစ်ပါတယ်။ ဒီမို ကရေစီ
ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အောင်မြင်ရေးဟာ မျိုးဆက်သစ် လူငယ်များ
အပါအဝင် နိုင်ငံသားအားလုံးရဲ့ တာဝန်လည်းဖြစ်ပါတယ်။
ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ရပ်ပေါ်ထွန်းရေးမှာ မျိုးဆက်သစ်
လူငယ်များအနေနဲ့ နိုင်ငံတော် တည်ဆောက်ရေးကဏ္ဍအသီးသီးမှာ ပါဝင်လာဖို့
လိုအပ်ပါတယ်။ နိုင်ငံရဲ့ ပုံရိပ်ကို စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်နဲ့
အကောင် အထည်ဖော်ဆောင်နိုင်ရေးအတွက် လူငယ်တွေကို ငယ်စဉ်ကပင်
လေ့ကျင့်ပျိုးထောင် ပေးသွားရမှာဖြစ်ပါတယ်။ လူငယ်လူရွယ်များရဲ့
စိတ်သဏ္ဍာန်မှာ ဒီမိုကရေစီမျိုးစေ့ ရှင် သန်စေရေးရည်ရွယ်ပြီး
ယခုနှစ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်း အမှတ် စာစီစာကုံး၊
ကဗျာနဲ့ ပန်းချီပြိုင်ပွဲများကို အလယ်တန်းအဆင့်၊ အထက်တန်း အဆင့်နဲ့
တက္ကသိုလ်အဆင့်တို့ဖြင့် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ဒီအခမ်းအနားမှာ
ထိုက်သင့်တဲ့ချီးမြှင့်မှုအစီအစဉ် ထည့်သွင်းထားပါတယ်။ ပြိုင်ပွဲအစီအစဉ်များ
အောင်မြင်စွာ ပြီးမြောက်တဲ့အထိ ပူးပေါင်းဆောင်ရွက်ပေးတဲ့
ပညာရေးဝန်ကြီးဌာန၊ ဖျော်ဖြေရေးအစီအစဉ်များကို ဆောင်ရွက်ပေးပါသော
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ အခမ်းအနားပြင်ဆင်ရေး၊
ဧည့်ခံကျွေးမွေးရေးတို့ကို စေတနာဖြင့် အဖက်ဖက်က ပါဝင်ကူညီဆောင်ရွက်ပေးကြတဲ့
အဖွဲ့အစည်း အသီးသီးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း
ထည့်သွင်းပြောကြားလိုပါတယ်။
ဧည့်သည်တော်များခင်ဗျာ
မိမိတို့နိုင်ငံတော်ကို အားလုံးရည်မှန်းတဲ့ ဒီမိုကရေစီဖက်ဒရယ်
ပြည်ထောင်စုကြီး အဖြစ် တည်ဆောက်ရာမှာ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသား
ပြည်သူများအားလုံးတို့ရဲ့ စုပေါင်းအင်အားနဲ့ တက်ညီလက်ညီ
ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်း ပြောကြားရင်း
နိဂုံးချုပ်အပ်ပါတယ်။

No comments:
Post a Comment