ပေါက်တော ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင်းရှိ
ကျေးရွာများနှင့် ကယ်ဆယ်ရေးစခန်းများ (IDP Camps) သို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်
ပေါက်တောမြို့နယ် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား
ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို
ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင် ဦးဆောင်၍ ဆရာဝန်/သူနာပြု စုစုပေါင်း
၄၀ ဖြင့် ယနေ့တွင် ပထမနေ့အဖြစ် စတင်ဆောင်ရွက်ပေးသည်။ ပထမဆုံးနေ့တွင် ပေါက်တောမြို့နယ်
အတွင်းရှိ ငှက်ချောင်းနှင့် ကြိမ်နီပြင်စခန်း များမှ သုံးနှစ်အောက် ကလေးလူနာ ၁၇၄ ဦး၊
ကိုယ်ဝန်ဆောင်မိခင် ၅၁ ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အထွေထွေလူနာ ၄၈ ဦးကို
ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးသည်။
ထို့အပြင် ငှက်ဖျားလူနာ
၁၁ ဦးအား သွေးဖောက်စစ်ဆေးခြင်း၊ လူနာ ၁၂ ဦးအားတီဘီရောဂါ ရှိ၊ မရှိသလိပ် စစ်ဆေးပေးခြင်းနှင့်
ဓာတ်မှန် ရိုက်ပေးခြင်း၊ သွားကျန်းမာရေးတွင် လူနာ ၁၁ ဦးအား စစ်ဆေးကုသပေးခြင်း၊ ကလေးငယ်
၇၉ ဦးအား လက်မောင်း လုံးပတ် တိုင်းတာပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင် ၄၃ ဦးအား ကိုယ်ဝန်ဆောင်စောင့်ကြပ်
စစ်ဆေးပေးခြင်း၊ HIV ပိုးရှိ၊ မရှိ PMCT နှင့် VDRL သွေးဖောက်စစ်ဆေးပေးခြင်းနှင့် ပြည်သူ
၁၉၇ ဦးအား ကျန်းမာရေး အသိပညာပေးခြင်း စသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို
ပေါင်းစည်း ဆောင်ရွက်ကြသည်။
ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်းရှိကျေးရွာများနှင့်
IDP စခန်းများ အား ပေါင်းစည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
ဖေဖော်ဝါရီ ၇ ရက်အထိ ပထမကြိမ်အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး မတ်နှင့် မေလတို့တွင်
လည်း ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကိုလုပ်ဆောင်ပေးရန် လျာထားကြောင်းနှင့်
ပထမဆုံးနေ့တွင် ပေါက်တောမြို့နယ် အတွင်းရှိငှက်ချောင်းနှင့် ကြိမ်နီပြင်စခန်းများမှ
ပြည်သူ ၆၀၀ ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)
No comments:
Post a Comment