နေပြည်တော် ဖေဖော်ဝါရီ ၅
ပြည်တွင်းလုပ်ငန်းတစ်ခုဖြစ်သည့် စွန့်ပစ်ပစ္စည်းများကို
ပြန်လည် သိမ်းဆည်းသည့် လုပ်ငန်းများလုပ်ကိုင်သည့် RecyGlo ကို တိုးတက် မှုနှင့် ဆန်းသစ်တီထွင်မှုများ
ထပ်မံတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် နော်ဝေနိုင်ငံအခြေစိုက် Katapult Ocean
Accelerator အစီအစဉ်မှ ဒေါ်လာ တစ်သိန်းခွဲကို ရင်းနှီးမြှုပ်နှံပေးခဲ့ကြောင်း ဖန်တီးရာမြန်မာမှ
သိရသည်။
RecyGlo ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ
စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုပြီး သဘာဝပတ်ဝန်း ကျင်ကို အထောက်အကူပြုစေမည့် ဝန်ဆောင်မှုများကို
ပြုလုပ်နေသော လုပ်ငန်းဖြစ်သည်။ RecyGlo သည် ရန်ကုန်မြို့ရှိ လုပ်ငန်း အဖွဲ့အစည်းများထံမှ
စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်နိုင်ရန် စီစဉ်ပေးပြီး ထိုစွန့်ပစ်ပစ္စည်းများထဲမှ
ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို စက်ရုံများနှင့် စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုနိုင်ရန်
လုပ်ဆောင်နေသောနေရာများသို့ ပို့ဆောင်ပေးသော ဝန်ဆောင်မှု ကို ပြုလုပ်ပေးလျက်ရှိ ကြောင်းသိရသည်။
RecyGlo ၏ CEO နှင့်Founder မရွှေယမင်းဦးက
"လက်ရှိမှာ မြန်မာနိုင်ငံရဲ့ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကဏ္ဍမှာ လိုအပ်ချက်တွေ
ရှိနေပြီး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်မတို့ရဲ့ အကြီးမား ဆုံးစိုးရိမ်မှုက စွန့်ပစ်ပစ္စည်းတွေကို
သေသေချာချာ စီမံခန့်ခွဲမှုမရှိတဲ့ အတွက် အမှိုက်တွေက မြစ်တွေနဲ့ ပင်လယ်တွေထဲ ဝင်ရောက်သွား
ပြီး ဆိုးရွားတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ် လာမှာ ကိုပါ။ စွန့်ပစ်ပစ္စည်းတွေကို
ထိန်းသိမ်းတဲ့ နေရာမှာ လွယ်ကူဖို့၊ စရိတ်သက်သာဖို့၊ စနစ်ကျဖို့နဲ့ ပတ်ဝန်းကျင်ကို ဆိုးကျိုးမဖြစ်အောင်
ဂရုစိုက်ပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်"ဟု အနာဂတ် ရည်မှန်းချက်ကို ပြောပြသည်။
"အခုလိုမျိုး ရင်းနှီးမြှုပ်နှံမှုကို
စကင်ဒီနေးဗီးယားဒေသကနေ ရယူဖို့ ဆုံးဖြတ်လိုက်ခြင်းက မြန်မာနိုင်ငံကို နည်းပညာတွေ ရွှေ့ပြောင်း
လာဖို့နဲ့ နောက်ပိုင်းမှာလည်း ပိုမိုများပြားတဲ့ ရင်းနှီးမှုတွေရရှိနိုင်ဖို့ တံခါးဖွင့်ပေးလိုက်သလိုဖြစ်စေမယ်လို့
ယုံကြည်တဲ့အတွက်ပါ။ အခုရရှိခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့Recy Glo ရဲ့ ဝန်ဆောင်မှုတွေကို
မြန်မာနိုင်ငံ အနှံ့ ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်" ဟု RecyGlo ၏ CMO နှင့်
Co-Founder ကိုဥက္ကာဖြိုးမောင်ကဆိုသည်။
နော်ဝေနိုင်ငံ အခြေစိုက် Katapult
Ocean သည် အကျိုး သက်ရောက်မှုနှင့် နည်းပညာကို အသားပေးသော Startup Accelerator တစ်ခုဖြစ်ပြီး
ပင်လယ်များကို ကောင်းကျိုး သက်ရောက် မှုရှိစေမည့် အလားအလာရှိသော လုပ်ငန်းများကို ကူညီထောက်ပံ့ပေးကြောင်း
သိရသည်။ ယခုကဲ့သို ရင်းနှီးမြှုပ်နှံမှုကို ပေးအပ်ရန် Startup ပေါင်း ၅၀၀ ကျော်ကို လေ့လာအကဲဖြတ်ပြီးမှ
RecyGlo နှင့် နောက်ထပ် Startup ၁၀ ခု တို့ကို ရွေးချယ်ခြင်းဖြစ် သည်။
“RecyGlo က ပင်လယ်တွေထဲကနေ အမှိုက်တွေ
အညစ်အကြေးတွေကို တိုက်ထုတ်နေသူတွေ ဖြစ်ပါတယ်။ သူတို့က ပင်လယ်ထဲကို အညစ်အကြေး တွေက ကုန်းတွင်းပိုင်းကနေပဲ
ဝင်ရောက် လာတယ်ဆိုတာ သိရှိသူတွေဖြစ်ကြပြီး သူတို့ရဲ့လုပ်ငန်း ကလည်း အရေးကြီးသလို ချဲ့ထွင်ရတာလည်း
လွယ်ကူပါတယ်" ဟု Katapult Ocean ၏ CEO နှင့်Co-Founder Maren Hjorth Bauer ကလည်း
ပြောကြားကြောင်း ဖန်တီးရာမှ သိရှိရသည်။
RecyGlo သည် ၂၀၁၇ ခုနှစ် အတွင်း ဖန်တီးရာ
Accelerator အမှတ်စဉ် ၂ (၂၀၁၇-၂၀၁၈) မှ ထွက်ပေါ် လာခြင်းဖြစ်ပြီး UNODC ၊ World
Bank ၊ IFC ၊ Uniteam Marine Building ၊ Impact hub ၊ H&M ၊ Parkside one
building နှင့် ပြည်တွင်းရှိ လုပ်ငန်းပေါင်း များစွာအပါ အဝင် လုပ်ငန်းပေါင်း ၄၀၀ ကျော်ကို
ဝန်ဆောင်မှုပေးနေပြီး ယခုအချိန်အတွင် လူပေါင်း ၁၂၀၀၀၀ ကျော်က Recly Glo ၏ B2B စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု
ဝန်ဆောင်မှုကို သုံးစွဲလျက်ရှိသည်။
မေဦးမိုး
ဓာတ်ပုံ-အဲလက်စ်
No comments:
Post a Comment