Sunday, February 3, 2019

ရန်ကုန်မြို့တော် - ကင်ဆာရောဂါဆိုင်ရာ အရည်အသွေးပြည့် ဝသော ကုသစောင့်ရှောက်မှု လက်လမ်းမီ ရရှိရေး စေ့ဆော် ကြိုးပမ်းခြင်း စီမံချက်အား ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များထံ ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပ



ရန်ကုန် ဖေဖော်ဝါရီ ၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Chatrium Hotel၊ ရန်ကုန်၌ ကျင်းပခဲ့သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နိုင်ငံတကာ ကင်ဆာရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေးအဖွဲ့ တို့ပူးပေါင်းဆောင်ရွက်မည့် ရန်ကုန်မြို့တော် - ကင်ဆာရောဂါဆိုင်ရာ အရည်အသွေးပြည့်ဝသော ကုသစောင့်ရှောက်မှု လက်လမ်းမီရရှိရေး စေ့ဆော်ကြိုးပမ်းခြင်း စီမံချက်(C/Can2025; City Cancer Challenge Yangon City)အား ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများထံ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါကြောင့် သေဆုံးမှုများသည် များပြားလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကင်ဆာရောဂါ ဖြစ်ပွားသူဝေဒနာရှင်များနှင့် ရောဂါကြောင့် သေဆုံးမှုများသည် များပြားလျက်ရှိပါကြောင်း၊ ဆေးပညာကျင့်ဝတ်များအရ ကင်ဆာရောဂါဝေဒနာရှင် များကို လိုအပ်သည့်ကုသမှုများ ပေးအပ်ရမည်ဖြစ်သဖြင့် ယခုဆောင်ရွက်သည့် စီမံချက်သည် ဆေးပညာ ကျင့်ဝတ်များနှင့် အညီလုပ်ဆောင်ခြင်းလည်းဖြစ်ပါကြောင်း၊ ကင်ဆာရောဂါကြောင့် နာကျင်မှုဝေဒနာ လျော့ပါးရေး စောင့်ရှောက်မှုနှင့် ရောဂါကုသမှု လုပ်ငန်းများသည် အရေးကြီးသကဲ့သို့ ကင်ဆာရောဂါ ဖြစ်ပွားမှုက ထိရောက်စွာ လျှော့ချနိုင်ရန်အတွက် ကင်ဆာရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လည်း အားဖြည့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါ ဖြစ်ပွားသူဦးရေမှာ ယခုထက် ပိုမိုများပြားလာမည်ဟု Global Can အဖွဲ့က စာရင်းဇယား ခန့်မှန်းချက်များ ပြုလုပ်ထားသော်လည်း မြန်မာနိုင်ငံအတွက် အဆိုပါ ခန့်မှန်းချက်များ အတိုင်းဖြစ်ပွားမှု မရှိစေဘဲ ကင်ဆာရောဂါ ဖြစ်ပွားမှုလျော့ချရေးကို ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊
ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင်လည်းအဓိကသော့ချက် ကျန်းမာရေး အသိပညာပေးချက် (key messages)များကို ဖော်ပြဖြန့်ဝေပေးလျက် ရှိပါကြောင်း၊ ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်သောစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချခွင့်ကို ပိတ်ပင် တားဆီးခြင်း၊ ဥပမာအားဖြင့် - စာသင်ကျောင်းများနှင့် အနီးတစ်ဝိုက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ရောင်းချခြင်း၊ အသက် (၁၈)နှစ်အောက် ကလေးများအားဆေးလိပ်နှင့် ဆေးရွက်ကြီး ရောင်းချခြင်းများကို လုံးဝပိတ်ပင်တားဆီးနိုင်ရန်အတွက် အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုကိုရယူ၍ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊
ယခုအခါ တစ်နိုင်ငံလုံးတွင် ကင်ဆာမှတ်ပုံတင်စနစ် (Cancer Registry)ကို စတင်ပြုလုပ်နေပြီ ဖြစ်ပါသဖြင့် ကင်ဆာရောဂါ ဖြစ်ပွားမှုအခြေအနေများကို ပိုမိုတိကျစွာ သိရှိနိုင်ကာ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူထောက်ပံ့ရာ၌ ပိုမိုမှန်ကန်တိကျစွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ လက်ရှိဆောင်ရွက် လျက်ရှိသော ကင်ဆာရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများကိုလည်း ပြောင်းလဲလာသော အခြေအနေများ၊ ရရှိလာသော စာရင်းဇယား အချက်အလက်များနှင့်အညီ မွမ်းမံပြင်ဆင်ကာ ဦးစားပေး လုပ်ငန်းများချမှတ် အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ City Cancer Challenge မှ Senior Special Advisor ဖြစ်သူ Dr. Rolando Camacho က နိုင်ငံတကာ ကင်ဆာရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေးအဖွဲ့သည် ကဏ္ဍပေါင်းစုံပါဝင်သော ကင်ဆာရောဂါ ဆိုင်ရာအရည်အသွေး ပြည့်ဝသောကုသစောင့်ရှောက်မှု လက်လမ်းမီရရှိရေးလုပ်ငန်း များကို ကမ္ဘာတစ်ဝန်းရှိမြို့ကြီးများတွင် အဆိုပါ မြို့ကြီးများမှ အစိုးရအဖွဲ့၊ ကဏ္ဍစုံမှ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပရဟိအသင်းအဖွဲ့များ၊ INGO/ NGO များ ကိုယ်တိုင်ပူးပေါင်းဦးဆောင် ဆောင်ရွက်နိုင် ရေးအတွက် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ကာ City Cancer Challenge Programလွန်ခဲ့သော (၂)နှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ City Cancer Challenge Program ကိုရန်ကုန်မြို့တော် အပါအဝင် နိုင်ငံတကာမှ မြို့ကြီး (၄)ခုက အကောင်အထည်ဖော် လေ့လာမည့်သော့ချက်မြို့ကြီးများ (key learning cities) အဖြစ်ဆောင်ရွက် မည်ဖြစ်ပြီးအဆိုပါမြို့ကြီးများမှ လုပ်ငန်းဆောင်ရွက်မှုများကို ကမ္ဘာတစ်ဝန်းရှိမြို့ကြီးများတွင် အတုယူ၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြား သည်။
ယင်းနောက် Yangon City Cancer Challenge Program၊ အလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြကCity Cancer Challenge Program တွင် ရန်ကုန်မြို့တော် ပါဝင်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် UICC အဖွဲ့မှ Lead of City Health Financing LabMs. Laura SoliaShellaby က ကမ္ဘာတစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိသော City Cancer Challenge Global Program နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ UICC အဖွဲ့မှ Yangon City Cancer Challenge စီမံချက်၏ စီမံချက်မန်နေဂျာ ဒေါက်တာအောင်နိုင်စိုးက စီမံချက်၏ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment