Friday, February 1, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန၊ ၀န်ကြီးအား လက်ခံတွေ့ဆုံ



 
နေပြည်တော် ဖေဖော်ဝါရီ ၁ 


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  ဒုတိယအကြိမ်မြောက် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်းအား ယနေ့ မွန်းလွဲ (၃) နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံပြည်သူများ၏ အပြန်အလှန် ဘုံအကျိုးစီးပွားအတွက် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ခေါင်းဆောင်များ ချစ်ကြည်ရေးခရီးများ အပြန်အလှန် သွားရောက်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူ အချင်းချင်းအကြား ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးကိစ္စရပ်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအနေဖြင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ အကျိုးတူကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတကာ မျက်နှာစာတွင် စည်းလုံးညီညွတ်စွာ အတူတကွရပ်တည် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ကမ္ဘောဒီးယားနိုင်ငံသို့ နှစ်ဖက်အဆင်ပြေ သင့်လျော်သည့် အချိန်တွင် လာရောက်လည်ပတ်ရန် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဟွန်ဆင်မှ ဖိတ်ကြားမှုကိုလည်း ဒုတိယဝန်ကြီးချုပ် မစ္စတာ ပရတ်ဆုတ်ခွန်းမှ ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး များ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment