Friday, February 1, 2019

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အလုပ်သမားရေးရာဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ




နေပြည်တော် ဖေဖော်ဝါရီ ၁

အလုပ်သမားရေးရာဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကား ပြောကြားရာတွင်  တိုင်းဒေသကြီး ပြည်နယ်များတွင် ရွှေ့ပြောင်းသွားလာမှုများ၊ တဖက်နိုင်ငံများမှ ပြန်လည် လက်ခံမှုများနှင့် ပြည်တွင်းရွှေ့ပြောင်း သွားလာမှုများနှင့် ပြည်ပရွှေ့ပြောင်း သွားလာမှုများသည် တစ်နေ့တခြား ပိုမိုများပြား လာသည့်အတွက် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်သည့် မိမိတို့ဝန်ကြီးဌာနသည် ပိုမို၍အရေးပါသည့် အခန်းကဏ္ဍ နေရာတွင်ရှိနေ၍ အခြားသောဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဖြစ်ပေါ်ပြောင်းလဲတိုးတက်လာသည့် အခြေအနေများကို သိရှိပြီး မိမိတို့ဌာနဆိုင်ရာ အကြီးအကဲများက အလေးထား၍ အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ဆက်လက်၍ အနည်းဆုံး အခကြေးငွေကိစ္စကို (၂) နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်မည် ဖြစ်သည့်အတွက် ခေတ်နှင့်အညီ သတ်မှတ်နိုင်ရန် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ကြိုတင်ကျင်းပထားကြရန်လိုပါကြောင်း၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်မှုနှင့် အကျုံးဝင်သည့် အလုပ်သမားများကိုလည်း သတ်မှတ်ချက်အတိုင်း လုပ်ခလစာများ ရရှိမှု ရှိ/မရှိအား စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာရန် လိုအပ်ပါကြောင်း။

ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း လျာထားအင်အား (၃၀၀၀) ဦးအား အရည်အချင်း အကဲဖြတ်ရာတွင် လျာထားချက်ပြည့်မှီပြီး အရည်အချင်းပြည့်မှီစေရန် တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ပါကြောင်း၊ အလုပ်သမားများ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစီမံချက် ၂၀၁၈-၂၀၂၂ ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပူပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု နည်းပါးလာစေရန်အတွက် လုပ်သားအင်အား ၃၀ အထက်ရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ WCC များကို တိုးချဲ့ဖွဲ့စည်းရန် လိုအပ်ပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ အားကိုးယုံကြည်မှုရရှိအောင် ယခုဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် (၄) ရပ်ကို ဆက်လက်၍ အရှိန်အဟုန်မြင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ ကျန်းမာရေးဆောင်ရွက်ချက်များနှင့် လိုက်လျောညီထွေဖြစ်စေရန် လိုအပ်ပါကြောင်း၊ အလုပ်သမားများ စိတ်ကျေနပ်မှုရှိစေရန် ကျန်းမာရေး စောင့်ရှောက်မှုများကို ယခုထက်ပိုမို ဆောင်ရွက်သွားကြရန်၊ ထည့်ဝင်ကြေးများအတွက် IT စနစ်ကိုပြုပြင် ပြောင်းလဲနိုင်ရေးကို ဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

မိမိနိုင်ငံ အခြေအနေနှင့် ကိုက်ညီသည့် ပြည်စုံကောင်းမွန်သော မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်း စီမံချက်ကို ထွက်ပေါ်လာအောင် ဆောင်ရွက်ရန်ဖြစ်ပြီး ကလေးအလုပ်သမားများအတွက် ပညာရေး၊ အလုပ်အကိုင်အခွင့် အလမ်းနှင့် ၎င်းတို့မိသားစု၏ ဆင်းရဲမွဲတေမှု အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များမှ အားကြိုးမာန်တက် ဆောင်ရွက်နေသည် ဖြစ်သည့်အတွက် မိမိတို့ဌာန ဝန်ထမ်းများမှ သိရှိပြီး ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

ကျွမ်းကျင် လုပ်သားများအား သတ်မှတ်လျာထားချက်အတိုင်း ဆောင်ရွက်သကဲ့သို့ ကျွမ်းကျင်လုပ်သားများအတွက် ထိုက်သင့်သည့် အကျိုးခံစားခွင့်များရှိအောင် စီမံဆောင်ရွက်သွားရန်၊ CMP ကြီးကြပ်ရေး ကော်မတီအစည်းအဝေးများကိုလည်း ပုံမှန်ကျင်းပသွားရန်၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆက်ဆံရေး ပိုမိုကောင်းမွန်ရေး ဆောင်ရွက်ရန်နှင့် ရွှေ့ပြောင်း အလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးဥပဒေများကိုလည်း ပြန်လည်သုံးသပ်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများသည် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် လုပ်ငန်း လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

အဆိုပါ အစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment