Tuesday, February 5, 2019

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်ရေးစာချုပ်ချုပ်ဆို


 
နေပြည်တော် ဖေဖော်ဝါရီ ၅
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန် ပြင်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်ရေးအတွက် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်လှထွန်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းတို့က ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေးတို့ နှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားကြသည်။
ထို့နောက် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များရိုက်နှိပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ၊ ပုံနှိပ်တိုက်များမှ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များက တွေ့ကြုံရနိုင်သည့် အခက်အခဲများကို ညှိနှိုင်းဆွေးနွေးကြသည်။
ယင်းနောက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၁) ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး(၂) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ စုဖွဲ့ထားသည့် မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း (MPPA)၊ အထက်မြန်မာပြည်ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း (MRPPA)၊ Excellent Printers Group(EPG) နှင့် နှစ်သစ်ဦးကုမ္ပဏီတို့မှ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များသည် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရေး စာချုပ်ချုပ်ဆိုကြသည်။      
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါ လက်ခံရေးနှင့် စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပုံနှိပ်တိုက်များမှ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment