နေပြည်တော် ဖေဖော်ဝါရီ ၅
စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ((DAR-
ရေဆင်း) ရှိ စပါးဇီဝဥယျာဉ် သုတေသနဌာနစုသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး
မစ္စတာ ဆော်ရက်(ဘ်)ကူမား ခေါင်းဆောင် သော အဖွဲ့သည် ယနေ့ နံနက်ပိုင်းက လာရောက်လေ့လာရာ
စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူး
ဒေါက်တာ မူမူကျော်၊ စပါးဇီဝဥယျာဉ် စီမံကိန်းမန်နေဂျာ Dr. Hameeda-Banu. N.Itagi၊ စပါးဇီဝဥယျာဉ်
သုတေသနဌာနစုမှ တာဝန်ခံနှင့် သုတေသန ဝန်ထမ်းများက ကြိုဆိုကြသည်။
ဆက်လက်၍ အိန္ဒိယသံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်)ကူမားနှင့်
အဖွဲ့ဝင်များသည် စပါးဇီဝဥယျာဉ်သုတေသန ဌာနစုရှိ ကောက်ရိုးကို အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်
သုတေသနပြုထားသည့် အာဟာရပြည့်ဝသော နွားစာတုံးများ ပြုလုပ်ထားမှု၊ ကောက်ရိုး စက္ကူအသုံးပြုကာ
လက်မှုအနုပညာဖြင့် ဖန်တီးထားသည့် အသုံးအဆောင်များ ပြုလုပ်ထားမှု၊ ကောက်ရိုးမှိုနှင့် ငွေနှင်းမှိုများ
သုတေသနပြု၍ မှိုမျိုးထုတ်လုပ်မှုနှင့် စိုက်ပျိုးခြင်းသုတေသနများ၊ အဆင့်မြင့် စပါးကြိတ်ခွဲစက်ဖြင့်
အရည်အသွေး ကောင်းဆန်များ ကြိတ်ခွဲနေမှု၊ ဆန် အခြေပြုမုန့်များ ထုတ်လုပ်သည့် သုတေသနနှင့်
ဆန်မှ အာဟာရပြည့်ဝသည့် အစားအစာများ စမ်းသပ်ဓာတ်ခွဲမှု၊ ဖွဲပြာ အခြေပြုဇီဝမြေဩဇာ ထုတ်လုပ်မှု
သုတေသန၊ ကုန်ကျစရိတ် သက်သာကာစွမ်းအင်သုံးစွဲမှု ချွေတာနိုင်သည့် စပါးခွံ ဖွဲပြာသုံး
အအေးခန်းကန်အတွင်း ဟင်းသီးဟင်းရွက် သိုလှောင်သိမ်းဆည်း ထားရှိမှု သုတေသနများအား ကြည့်ရှုခဲ့ကြရာ
စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စပါးဇီဝဥယျာဉ် စီမံကိန်း မန်နေဂျာနှင့်
တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပေးကြ သည်။
အဆိုပါ စပါးဇီဝဥယျာဉ်သည် အိန္ဒိယ-မြန်မာ
ချစ်ကြည်ရေးစီမံကိန်း အရ အိန္ဒိယနိုင်ငံ ဆွာမိနဿန် ဖောင်ဒေးရှင်း၏ အကူအညီဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က အိန္ဒိယ သမ္မတနိုင်ငံ သမ္မတ ရှရီရမ်နာ့သ်ကိုဗင်၏ နိုင်ငံတော်
အဆင့်ခရီးစဉ် လာရောက်စဉ် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် စပါးဇီဝသုတေသနဌာနစုသည်
စပါးပင်၏ အစိတ်အပိုင်းအားလုံးကို အကျိုးရှိစွာ အသုံးချ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ
ထုတ်လုပ်ရန်နှင့် တောင်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးကာ ဝင်ငွေတိုးတက်ပြီး
လူနေမှု အဆင့်အတန်း မြင့်မားစေရန် ရည်ရွယ်ကာ တည်ထောင်ထားခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးသုတေ
သန ဦးစီးဌာနမှ သိရသည်။
သိမ့်သိမ့်မိုး(မြန်မာ့အလင်း)
No comments:
Post a Comment