Friday, February 1, 2019

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဆက်သွယ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများ တည်ဆောက်ရန် မြေယာအသုံးပြုမှု စီမံခန့်ခွဲရေးကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်


နေပြည်တော် ဖေဖော်ဝါရီ ၁

ဆက်သွယ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံ အဆောက်အဦများ တည်ဆောက်ရန် မြေယာအသုံးပြုမှု စီမံခန့်ခွဲရေး ကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဆက်သွယ်ရေး အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ရေး၊ ဆက်သွယ်ရေးအခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှင်မြန်စွာ ခွင့်ပြုနိုင်ရေးနှင့် Broadband Master Plan ရေးဆွဲ နိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများမှ တင်ပြလာသည့် အခက်အခဲများ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထားလာရာတွင် ဦးစီးဌာနမှ စိစစ်ခွင့်ပြုသည့် လုပ်ငန်းစဉ်များ၊ ဆက်သွယ်ရေး အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် သက်ဆိုင်ရာမြေနှင့် အဆောက်အအုံကို စီမံခန့်ခွဲခွင့်ရှိသူသို့ ပေးဆောင်ရသည့် အခကြေးငွေများနှင့် စပ်လျဉ်း၍ နည်းဥပဒေများ၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို တင်ပြဆွေးနွေးသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများက တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆက်သွယ်ရေး အခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသည့် လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် ဆိုင်ရာများ၊ ဆက်သွယ်ရေး အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် သက်ဆိုင်ရာမြေနှင့် အဆောက်အအုံ စီမံခန့်ခွဲခွင့်ရှိသူသို့ ပေးဆောင်ရသည့် အခကြေးငွေများ ဈေးနှုန်းကြီးမြင့်နေမှု စသည့်အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment