Friday, February 1, 2019

(၁၀) ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၁

(၁၀) ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (10th Education & TEVT Sector Coordination Group-ETVSCG) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ၀န်ကြီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အရည်အသွေးရှိသော ပညာရေးပြုပြင် ပြောင်းလဲမှု ပိုမိုအားကောင်းစေရေးအတွက် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုကို တန်ဖိုးထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မူလတန်းအရွယ် ကလေးတိုင်း စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်ပြီး မူလတန်း ပညာသင်ယူ ပြီးမြောက်ရေးကို ကြိုးပမ်းဆောင် ရွက်နေပါကြောင်း၊ ကျောင်းနေအရွယ် ကလေးများ ပညာသင်ယူမှု အခွင့်အလမ်း ပိုမိုမြင့်မားရေးနှင့် ကျောင်းထွက်နှုန်း ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အရည်အသွေး ပြည့်ဝသော ပညာရေးစနစ်ကို ဖော်ဆောင်ရာတွင် အရည်အသွေးရှိသော ဆရာ ဆရာမများ၏ အခန်းကဏ္ဍသည် အဓိက ကျပါကြောင်း။
ထို့ကြောင့် ဆရာ ဆရာမများအား အရည်အသွေးမြှင့် မွမ်းမံသင်တန်းများကို သင်ကြားပို့ချပေးနေ ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား လူကောင်းလူမွန်များဖြစ်အောင် အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် တတ်အောင်၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်အောင်၊ တီထွင်ကြံဆ ဖန်တီး တတ်အောင် ပြုစုပျိုးထောင် သင်ကြား သင်ယူ လေ့ကျင့်ပေးနေပါကြောင်း၊ မူလတန်းပညာ သင်ယူပြီးမြောက်သူတိုင်း အလယ်တန်း၊ အထက်တန်းနှင့် မိမိဝါသနာပါရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များ၊ တက္ကသိုလ်ပညာရပ်များ ဆက်လက်သင်ယူ တတ်မြောက်နိုင်ရေး၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနှင့် ကမ္ဘာကြီး၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်နိုင်စွမ်းရှိသည့် အခွင့်အလမ်းအတွက် တစ်သက်တာ သင်ယူရေးနှင့် အခြေခံသုတေသန လုပ်ငန်းများတွင် ပါဝင်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။
ထို့နောက် Australian Embassy မှ Counsellor Mr. Tim Vistarini က ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းပံ့ပိုး ပေးသွားမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့များဖြင့် ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment