Friday, February 1, 2019

ဒုတိယအကြိမ် လွှတ်တော်များ၏ (၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်း


နေပြည်တော် ဖေဖော်ဝါရီ ၁
ဒီကနေ့ ဒုတိယအကြိမ်လွှတ်တော် (၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ကျွန်မတို့ရဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ၀န်ထမ်းများနှင့်အတူ ရှိနေနိုင်တဲ့အတွက် အင်မတန်မှ ၀မ်းသာပါတယ်။

ကျွန်မတို့ မကြာခဏ ပြောပါတယ်။ “ ဒီမိုကရေစီအစ လွှတ်တော်က” လို့ ။ ဒီနေ့မှာလည်း ကျွန်မပြောချင်ပါတယ်။ “လွှတ်တော်အစ ပြည်သူက” ပါ။ လွှတ်တော်ဆိုတာ ပြည်သူကြောင့် ပေါ်လာတာပါ၊ ဒီမိုကရေစီစနစ်ကြောင့် ပေါ်လာတာပါ။ ဒါကြောင့်မို့ ဒီနေ့မှာ ကျွန်မပြောချင်တာက ကျွန်မတို့ရဲ့လွှတ်တော်ဟာ ဥပဒေပြုမဏ္ဍိုင် တစ်ခုအနေနဲ့သာ မြင်လို့ မလုံလောက်ပါဘူး။ လွှတ်တော်ဟာ ကျွန်မတို့နိုင်ငံအတွက်၊ ဒီမိုကရေစီ ထွန်းကားဖို့အတွက် ပြုစုပျိုးထောင်ပေးတဲ့ ပျိုးခင်းတစ်ခုလို့ မြင်စေချင်ပါတယ်။
ဒီမိုကရေစီ လွှတ်တော်တစ်ခု ပေါ်ပေါက်ဖို့ဆိုတာဟာ ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်မှုဟာ အဓိကကျပါတယ်။ အစကတည်းက ကျွန်မတို့ပြောကြတယ်။ ပါတီစုံဒီမိုကရေစီလို့။ ပါတီစုံဒီမိုကရေစီဆိုတာဟာ တကယ်တော့ ပြောဖို့တောင် မလိုပါဘူး။ တစ်ပါတီစနစ်ဆိုရင် ဒီမိုကရေစီ မဖြစ်နိုင်ပါဘူး။ အနည်းဆုံးတော့ နှစ်ပါတီရှိရမယ်။ အဓိကပြောချင်တာက ပြည်သူလူထုမှာ ရွေးချယ်နိုင်တဲ့ အခွင့်အရေးကိုပေးဖို့ဟာ ဒီမိုကရေစီရဲ့ အခြေခံ အတွေးအခေါ် တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုကို ရွေးချယ်မှုပေးဖို့ လုပ်တဲ့နေရာမှာ နိုင်ငံရေးပါတီတွေရဲ့ကဏ္ဍ၊ ပြည်သူလူထုရဲ့ကဏ္ဍ တွေပါလာတယ်။ ကျွန်မတို့ လွှတ်တော်မစခင်ကတည်းက နိုင်ငံရေးပါတီများဟာ ပြည်သူလူထုကြားမှာ လှုပ်ရှားဖို့ ကြိုးစားတဲ့အခါမှာ ဒီမိုကရေစီအကြောင်းကို သင်ယူရတယ်။
ဒီမိုကရေစီဆိုတာ ပြည်သူကို အခြေခံတဲ့စနစ်၊ ပြည်သူရဲ့ထောက်ခံမှုကို ဘယ်လိုရအောင်လုပ်ရမလဲ၊ ပြည်သူက ဘာတွေလိုလားသလဲ၊ ပြည်သူရဲ့မျှော်လင့်ချက်တွေက ဘယ်လိုတွေရှိသလဲ၊ စိုးရိမ်မှုတွေက ဘယ်လိုရှိသလဲဆိုတာ စပြီးတော့ ဒီလွှတ်တော် ရွေးကောက်ပွဲတွေကို မ၀င်ခင်ကတည်းက နိုင်ငံရေးပါတီများဟာ လေ့လာရတယ်။ အဲဒီ ဟာကိုက နိုင်ငံရေးပါတီများကို လွှတ်တော်ကို အကြောင်းပြုပြီး ဒီမိုကရေစီအကြောင်း သင်ပေးလိုက်ရာရောက်ပါတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲတွေ ရောက်တဲ့အချိန် ကာလမှာ စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်အတွင်းကနေ ပြည်သူကို ဘယ်လိုစည်းရုံးရမလဲဆိုတာ သင်ယူရတာကလည်း ဒီမိုကရေစီကို မြှင့်တင်ရာရောက်ပါတယ်။
လွှတ်တော်ထဲကို ၀င်ချင်ရင်၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ချင်ရင် ပြည်သူလူထုရဲ့ထောက်ခံမှု ရအောင်ယူရမယ်။ မှန်မှန်ကန်ကန် ဥပဒေနဲ့ကိုက်ညီတဲ့ နည်းတွေနဲ့ ဘယ်လို ဒီထောက်ခံမှုကို ဘယ်လိုရအောင်ယူရမလဲဆိုတာ လွှတ်တော်ကို အကြောင်းပြုပြီးတော့ ကိုယ်စားလှယ်လောင်းများဟာ တစ်ဦးချင်း၊ တစ်ဦးချင်း သင်ယူရတာ ဖြစ်ပါတယ်။ လွှတ်တော်ထဲ ရောက်လာတဲ့ အခါကျတော့ ဥပဒေပြုမဏ္ဍိုင်ဆိုတာ ၊ ဥပဒေပြုတယ်ဆိုတာဟာ နိစ္စဓူဝ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေတင် မဟုတ်ဘူး။ အခုဆိုရင် ကျွန်မတို့နိုင်ငံအတွက် အဓိကအကျဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်လို့လည်း လွှတ်တော်ကိုယ်စားလှယ်များဟာ တာဝန်ရှိလာပါတယ်။ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့ဆိုတာ ဒီမိုကရေစီကို ပြုစုပျိုးထောင်တဲ့ အလုပ်တစ်ခုပဲလို့ ကျွန်မတို့ ဒီလိုပဲမြင်စေချင်ပါတယ်။
တချို့တွေကဆိုရင် လွှတ်တော်ကိုယ်စားလှယ်ဆိုတာဟာ သိပ်ပြီးတော့ အထင်ကြီးစရာ မဟုတ်ဘူးလို့ ထင်တဲ့သူတွေ လည်းရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကနေတစ်ဆင့် ပိုပြီးကြီးမားတဲ့ရာထူးတွေကို မျှော်မှန်းတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ တကယ်တော့ တာဝန်ကျေတဲ့ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်လောက် ဂုဏ်ရှိတဲ့ ပုဂ္ဂိုလ်ဆိုတာဟာ ဒီမိုကရေစီစနစ်မှာ မရှိနိုင်ပါဘူး။ တာဝန်ကျေတဲ့ ပြည်သူ့ကိုယ်စားလှယ်ဟာ ပြည်သူလူထုကို အကျိုးပြုတယ်၊ ပြည်သူလူထုကို ကိုယ်စားပြုတယ်၊ ပြည်သူလူထုအတွက် တစ်ချိန်လုံး စဉ်းစားပေးရပါတယ်။ ကိုယ့်ရဲ့ပါတီအပေါ်မှာရှိတဲ့ တာဝန်၊ ကိုယ့်ရဲ့မြို့နယ်အပေါ်မှာရှိတဲ့ တာဝန်၊ ကိုယ့်ရဲ့နိုင်ငံအပေါ်မှာရှိတဲ့ တာဝန်၊ တာဝန်အမျိုးစုံကို ချင့်ချိန်ပြီး၊ မှန်မှန်ကန်ကန် သုံးသပ်ပြီး လေးလေးနက်နက် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်ဖို့ဆုံးဖြတ်ရပါတယ်။
စေတနာ၊ မေတ္တာ၊ သတ္တိ၊ ပညာတို့နဲ့ယှဉ်ပြီးတော့ လွှတ်တော်အတွင်းမှာ နိုင်ငံ့အကျိုးအတွက်၊ ပြည်သူ့အကျိုးအတွက် ထမ်းဆောင်ပိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်များလောက် ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာ ဒီမိုကရေစီစနစ်မှာ မရှိနိုင်ပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့ ဒီမိုကရေစီပျိုးခင်းကို ပြုစုပျိုးထောင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ့်ကိုယ်ကို ဂုဏ်ယူစေချင် ပါတယ်။ ကိုယ့်ရဲ့အရည်အချင်း တစ်နေ့ထက်တစ်နေ့ပိုပြီးတော့ တိုးပွားလာအောင်၊ မြင့်မားလာအောင် ကြိုးစားစေချင် ပါတယ်။ လွှတ်တော်အတွင်းမှာ မတူကွဲပြားတဲ့ ပါတီများ၊ အမြင်များ ပြည့်ပြီး အင်အားတစ်ခုဖြစ်အောင် လုပ်နိုင်ဖို့ အခွင့် အရေးတွေလည်း အများကြီးရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာအတွက်တင်မဟုတ် ၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက်ပါ စဉ်းစားဖို့ လိုပါတယ်။ လွှတ်တော်ထဲမှာ ကိုယ်ပြောလိုက်တဲ့စကား၊ ပြောပုံပြောနည်း၊ ကိုယ့်ရဲ့ရည်ရွယ်ချက် ဒီဟာတွေဟာ ကိုယ်တစ်ဦးတည်းအပေါ်မှာ ရောင်ပြန်ဟပ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ပါတီတစ်ခုအပေါ်မှာလည်း ရောင်ပြန်ဟပ်တာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့အပေါ်မှာပါ ရောင်ပြန်ဟပ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ဟာ အင်မတန်မှ ကြီးလေးပါတယ်။ တကယ့်ကို အများပြည်သူကနေ လေးစားတဲ့၊ ခင်မင်တဲ့၊ တန်ဖိုးထားတဲ့ လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ကျွန်မတို့ရဲ့ အခုခေတ်တင်မဟုတ်ဘူး နောင်ခေတ်မှာ လာမယ့် ကိုယ်စားလှယ်တွေအားလုံးအတွက် စံနာမူနာ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုစံနမူနာ ဖြစ်သွားပြီဆိုရင် ကျွန်မတို့ရဲ့ ဒီမိုကရေစီစနစ် အခြေခိုင်သွားအောင်လို့ လုပ်ပေးရာရောက်ပါတယ်။
ပျိုးခင်းဆိုတာဟာ တစ်နေရာတည်းမှာ ထားဖို့မဟုတ်ပါဘူး။ ဒီပျိုးခင်းကနေစပြီး အပင်လေးတွေပွားပြီးတော့ တစ်တိုင်းပြည်လုံးကို ရအောင်လို့ လုပ်ပေးနိုင်ပါတယ်။ ကျွန်မတို့ ပြည်ထောင်စုလွှတ်တော်ဟာ တစ်တိုင်းပြည်လုံးက တိုင်းနဲ့ပြည်နယ်တွေက လွှတ်တော်တွေအတွက် ပျိုးခင်းတွေလည်းဖြစ်ပါတယ်။ ဒီမှာလုပ်ပုံလုပ်နည်းတွေ မှန်ကန်ပုံ၊ စေတနာတွေ မှန်ကန်ပုံ၊ ဆင်ခြင်တုံတရားတွေ ကြီးမားပုံ ဒီဟာတွေဟာ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအထိပါ ပွားသွားမယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ တကယ့်ကို အားလုံးကနေပြီး ယုံကြည်လေးစားနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ်လာမှာပဲဖြစ်ပါတယ်။ အခုလိုအချိန်မှာ လွှတ်တော်ကိုယ်စားလှယ်များ ဆုံခွင့်ရတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် အားပေးကြပါ။ ခင်ခင်မင်မင် ဆက်ဆံကြပါ။ တစ်ယောက်ရဲ့ အရည်အချင်းတိုးတက်အောင်လို့ နောက်တစ်ယောက် ကနေပြီး ကူညီပေးကြပါ။
အတိုက်အခံပါတီများဆိုတာ တကယ်တော့ တိုက်ခိုက်ဖို့မဟုတ်ပါဘူး။ တစ်ဦးနဲ့ တစ်ဦးနဲ့ အရည်အချင်းမြင့်မားအောင် လုပ်ပေးဖို့ဖြစ်ပါတယ်။ ကိုယ့်မှာ အတိုက်အခံရှိမှ ကိုယ်နဲ့မတူကွဲပြားတဲ့ အမြင်ရှိတဲ့ အဖွဲ့အစည်းတွေရှိမှလည်း ကိုယ့်ရဲ့အရည်အချင်းတွေဟာ ပိုပြီးတက်လာမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့မတူတဲ့အမြင်တွေရှိရင် ဒီ အမြင်တွေဟာ မှန်သလား၊ ကိုယ့်အမြင်က မှန်သလားဆိုတာ ကိုယ်ကချင့်ချိန် သုံးသပ်ရတော့မယ်။ အကယ်၍ ကိုယ့်အမြင်က မမှန်ဘူးဆိုရင် ပြောင်းရဲတဲ့သတ္တိ ရှိရမယ်။ ကိုယ့်အမြင်က မှန်တယ်ဆိုရင်လည်း ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ ဘယ်သူပဲ ဝေဖန် ဝေဖန်၊ ဘယ်သူပဲ တိုက်ခိုက် တိုက်ခိုက်၊ ကိုယ်တကယ်ပဲ မှန်မှန်ကန်ကန် နိုင်ငံ့အကျိုးအတွက် လုပ်နေတယ်ဆိုရင် ရပ်တည်ရဲတဲ့ သတ္တိရှိရပါလိမ့်မယ်။
ဒါပေမယ့် ကိုယ့်ရဲ့ရပ်တည်ချက်ဟာ တကယ်တော့ နိုင်ငံကိုအကျိုးမပြုဘူးဆိုရင်တော့ ပြောင်းလဲရဲတဲ့ သတ္တိရှိသလို ပြောင်းလဲတတ်တဲ့ ပညာလည်းရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ကိုယ့်နိုင်ငံကို တန်ဖိုးထားပါ။ ကိုယ့်နိုင်ငံမှာ ဒီမိုကရေစီအမြစ် တကယ့်ကို ခိုင်ခိုင် မာမာတွယ်သွားဖို့အတွက် ဒီမိုကရေစီပျိုးခင်းလေးကို စေတနာ၊ မေတ္တာ၊ ပညာ၊ သတ္တိနဲ့ ပြုစုပျိုးထောင် ပေးကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။

No comments:

Post a Comment