Wednesday, February 6, 2019

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ပို့ဆောင်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်


နေပြည်တော် ဖေဖော်ဝါရီ ၆
ပို့ဆောင်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Transport and ICT Sector Coordination Group) ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပို့ဆောင်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့သည် ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit) အောက်တွင် ဖွဲ့စည်းထားသည့် Sector Coordination Group - SCG  (၁၀) ခုတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အား ပေါင်းစပ်ညှိနှိုင်းရေး လမ်းညွှန်ချက်များ နှင့်အညီ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထား ကြောင်း၊ လုပ်ငန်းများ နှစ်ဖက်ချောမွေ့စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပို့ဆောင်ရေးလုပ်ငန်း အဖွဲ့နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ဟူ၍  အဖွဲ့ခွဲနှစ်ခု ထပ်မံ ဖွဲ့စည်း၍ ပုံမှန်တွေ့ဆုံ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP) ၏ ပန်းတိုင်များ၊ ရည်မှန်းချက် များနှင့် ညီညွတ်အောင်ဆောင်ရွက် ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးမှ ဆွေးနွေးချက်ရလဒ်များ၊ လုပ်ငန်းအဖွဲ့ဝင်သစ် အမည်စာရင်းများ အတည်ပြုခြင်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် စီမံကိန်းများအား နှစ်ဖက်အပြန်အလှန်  ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment