နေပြည်တော်
ဖေဖော်ဝါရီ ၆
မြန်မာနိုင်ငံတွင်
ပထမဆုံးအကြိမ် အဖြစ်ကောက်ယူခဲ့သည့် “မြန်မာနိုင်ငံ
အဏုအာဟာရ နှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်း ကနဦးရလဒ်များ၏ အစီရင်ခံစာ”
ဖြန့်ဝေခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စစ်တမ်းကနဦး ရလဒ်တွေ့ရှိချက်များ အရ လက်ရှိအခြေအနေကို
အမျိုးသားအဆင့် အာဟာရဆိုင်ရာ အရေးပေါ် အခြေအနေဟု ခေါ်ဆိုရမည် ဖြစ်ကြောင်း၊ အာဟာရဖွံ့ဖြိုးမှုသည်
နိုင်ငံသားတိုင်း၏ ကိုယ်ကာယ ကျန်းမာသန်စွမ်းရေးအတွက် သာမက ဉာဏစွမ်းအားပြည့်ဝ မြင့်မားရေးအတွက်ပါ
အရေးအကြီးဆုံးသော အချက်ဖြစ်ကြောင်း၊ အာဟာရဆိုင်ရာ ကျန်းမာရေး ပြဿနာများအဖြစ် အာဟာရချို့တဲ့ခြင်း၊
အဝလွန်ခြင်း၊ အဏုအာဟာရ မပြည့်ဝခြင်းနှင့် အဏုအာဟာရ ပိုမို၍ စားသုံးမိခြင်းဟူ၍ အကြမ်းဖျဉ်းရှိပြီး
မည်သူတွင်မဆို ဖြစ်ပွားနိုင်ကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များတွင် အာဟာရချို့တဲ့မှုကြောင့်
သန္ဓေသားကိုပါ ထိခိုက်နိုင်ပြီး နို့တိုက်မိခင်များ အာဟာရချို့တဲ့ပါက ကလေးငယ်တွင်ပါ
အာဟာရချို့တဲ့ကာ ဉာဏ်ရည်ပိုင်းဆိုင်ရာနှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ မဖွံ့ဖြိုးခြင်းနှင့်
ကိုယ်ခံအားမကောင်းသဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု များပြား ချူခြာခြင်းတို့ ဖြစ်ပွားမည်
ဖြစ်ကြောင်း၊ ကာလတို အာဟာရချို့တဲ့မှုကြောင့် ပိန်လှီခြင်းမှာ အာဟာရ စောင့်ရှောက်ကုသမှုဖြင့်
ကုစားနိုင်ပြီး ကာလရှည်အာဟာရ ချို့တဲ့မှုကြောင့် ရှိသင့်သည့် အရပ်ထက်ပုညှပ်ခြင်းတွင်မူ
အခြား ကျန်းမာရေး ပြဿနာများကို ကုစားနိုင်သော်လည်း အရပ်ပုညှပ်ခြင်းကို ပြန်လည်ကောင်းမွန်ရန်
လုပ်ဆောင်၍ မရပါကြောင်း။
အာဟာရချို့တဲ့မှုများကို
မဖြစ်ပွားရန် ကာကွယ်ခြင်းနှင့် တတ်နိုင်သမျှ စောစီးစွာ ကုသမှုပေးခြင်းတို့သည် အဓိကကျပါကြောင်း၊
အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေး လုပ်ငန်းများသည် ကဏ္ဍပေါင်းစုံပါဝင်သည့် ကွင်းဆက် လုပ်ငန်းကြီးဖြစ်ကာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းမှ လုပ်ဆောင်၍ မရဘဲ နှီးနွယ် ဝန်ကြီးဌာနများနှင့်
အဖွဲ့အစည်းများမှ သက်ဆိုင်ရာ အခန်းကဏ္ဍများကို တာဝန်ခွဲဝေသတ်မှတ်၍ ဝိုင်းဝန်း လုပ်ဆောင်ကြရမည်
ဖြစ်ကြောင်း။
ထို့ကြောင့်
စစ်တမ်းပါ အချက်အလက်များကို မူတည်ပြီး ပြည်သူများ အာဟာရပြည့်ဝ၍ ဘေးအန္တရာယ် ကင်းသော
ဒေသထွက် အစားအစာများကို ဈေးနှုန်းချိုသာစွာဖြင့် ပိုမိုလက်လှမ်းမီ ရရှိ စားသုံးနိုင်ရေး၊
ကျောင်းနေ အရွယ်ကလေးငယ်များ အာဟာရပြည့်ဝသော စားသောက်ကုန်များကို စားသုံးနိုင်ရေး၊ ပြည်သူများ
ကျန်းမာရေး အသိပညာကြွယ်ဝပြီး အာဟာရပြည့်ဝသော စားသောက်ကုန်များကို ရွေးချယ် စားသုံးနိုင်ရေး
တို့ကို စုစည်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်
ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာမြင့်မြင့်သန်းနှင့် တာဝန်ရှိသူများက
မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေး စစ်တမ်းကောက်ယူရန် ပြင်ဆင်ခြင်း
လုပ်ငန်းအဆင့်ဆင့်၊ လေ့လာရေးစစ်တမ်းနိဒါန်း၊ စစ်တမ်းကောက်ယူခြင်း နည်းလမ်းများနှင့်
ကနဦးရလဒ်များ၊ မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်းမှ
သွေး၊ ဆီး၊ ဝမ်းနမူနာများအား ဓာတ်ခွဲ စစ်ဆေးမှုကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက်
တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment