Tuesday, February 5, 2019

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သီလဝါအထူးစီးပွားရေးဇုန်သို့ သွာရောက်ကြည့်ရှုစစ်ဆေး


 
နေပြည်တော် ဖေဖော်ဝါရီ 
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား သီလဝါအထူးစီးပွားရေးဇုန်ဥက္ကဋ္ဌ ဦးဆက်အောင်က သီလဝါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လည်းကောင်း၊ Myanmar Japan Thilawa Development Limited (MJTD) မှ ဦးဆောင်အရာရှိချုပ် Mr. Tomoyasu Shimizu နှင့် ဥက္ကဋ္ဌဦးဝင်းအောင်တို့မှ Myanmar Japan Thilawa Development Limited (MJTD) မှသီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ခဲ့မှုများကိုလည်းကောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပိုမိုရရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊  သီလဝါအထူးစီးပွားရေးဇုန်ရှိ One Stop Service Center (OSSC) သည် အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများပေးနိုင်ပြီး၊  ရင်းနှီးမြှုပ်နှံသူ များ၏ ယုံကြည်မှုကိုရရှိအောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်တွင် စီမံကိန်းများကိုစနစ်တကျ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရသဖြင့် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင် နိုင်မည်ဟုယုံကြည်ကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးလုပ်ငန်းများ ပိုမို လွယ်ကူစွာဆောင်ရွက်နိုင်စေရန် Single Window စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဆွဲနေကြောင်း၊ ယခုအချိန်သည် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ အနေဖြင့် စီးပွားရေးလုပ်ငန်များ ဆောင်ရွက်ရန် အချိန်အခါကောင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့်အဖွဲ့သည် သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ One Stop Service Center သို့သွားရောက် လေ့လာခဲ့ပြီး ဝန်ထမ်းများအား သီလဝါအထူးစီးပွားရေးဇုန်အား ပြည်တွင်းသာမက ပြည်ပ အဖွဲ့အစည်းများကပါ အားကျရသည့် နမူနာကောင်းတစ်ခုအဖြစ် သတ်မှတ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ တာဝန်များကို ကျေပွန်စွာနှင့် ပိုမိုအောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါအထူးစီးပွားရေးဇုန် အတွင်း ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် Foster Electric (Thilawa) စက်ရုံအား သွားရောက်လေ့လာရာ စက်ရုံတာဝန်ရှိ သူများက စက်ရုံသမိုင်းကြောင်းနှင့် Speaker, Headphone, audio electronic and အခြားဆက်စပ်ပစ္စည်းများ ထုတ်လုပ်နေမှုစပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီး မြှုပ်နှံပြီး မြန်မာနိုင်ငံမှ ဖက်စပ်ပါဝင်သည့် Yangon Can Manufacturing စက်ရုံသို့ သွားရောက်ရာ စက်ရုံတာဝန်ရှိသူများက စက်ရုံသမိုင်းကြောင်းနှင့် ထုတ်လုပ်နေမှု နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
(သတင်းစဉ်)

No comments:

Post a Comment