Friday, February 1, 2019

(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များနှင့် တွေ့ဆုံ



နေပြည်တော် ဖေဖော်ဝါရီ ၁

(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ် (၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စားရိပ်သာ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များကို တွေ့ဆုံနှုတ်ဆက်သည်။


တွေ့ဆုံစဉ် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပြည်ထောင်စုနေ့ အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ နိုင်ငံရေး အနှစ်သာရရှိရှိဖြင့် ကျင်းပသွားမည့် အစီအစဉ်များကို အကျယ်တ၀င့် ရှင်းလင်းပြောကြားပြီး တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌသည် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များ ခေတ္တတည်းခိုနေထိုင်သည့် တည်းခိုဆောင်များ၊ စားရိပ်သာ၊  ဆေးပေးခန်း၊ စာကြည့်တိုက်နှင့် ဆပ်ကော်မတီရုံးခန်းများကို ကြည့်ရှု စစ်ဆေးသည်။

(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များကို တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကများ အပြန်အလှန် ဖလှယ်နိုင်ရန် ရည်ရွယ်၍ ဖိတ်ကြားခြင်းဖြစ်ပြီး ယနေ့အထိ ကချင်ပြည်နယ်မှ ၆၃ ဦး၊ ကယားပြည်နယ်မှ ၇၈ ဦး၊ ကရင်ပြည်နယ်မှ ၄၃ ဦး၊ ချင်းပြည်နယ်မှ ၄၀ ၊ တနင်္သာရီတိုင်းဒေသကြီးမှ ၄၃ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၃၆ ဦး၊ ရှမ်းပြည်နယ်မှ ၇၇ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၃၂ ဦး စုစုပေါင်း ၄၄၆ ဦးရောက်ရှိနေကြောင်း သိရသည်။

ဟန်လင်းနိုင်၊ ဓာတ်ပုံ-ထန်းဖုန်

No comments:

Post a Comment