Tuesday, February 5, 2019

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံ၊ တောင်ကြီးဆေးတက္ကသိုလ်နှင့် တောင်ကြီး တက္ကသိုလ်သုံးထပ်စာသင်ဆောင် တည်ဆောက်ခြင်း လုပ်ငန်းများ ကြည့်ရှုစစ်ဆေး


 
နေပြည်တော် ဖေဖော်ဝါရီ ၅
ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ရှိ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၁) မှ တည်ဆောက်နေသော အမျိုးသမီးနှင့် ကလေးဆေးရုံတည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သည့် လုပ်ငန်းအခြေအနေ၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်ကဏ္ဍအလိုက် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြ ရာ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆေးရုံအင်္ဂါရပ်နှင့်အညီ အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီအောင် အထူး အလေးထား ဆောင်ရွက်ရန်၊ တည်ဆောက်ရေးမှတ်တမ်းများ စနစ်တကျထားရှိရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန်တို့ကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အမျိုးသမီးနှင့် ကလေးဆေးရုံသည် အလျားပေ ၂၀၀၊ အနံ ၇၅ ပေ သံကူကွန်ကရစ် အမျိုးအစား (၄) ထပ် အဆောက်အဦ ဖြစ်ပြီး ဧပြီ ၃၀ ရက်တွင်  လုပ်ငန်းများ ပြီးစီးမည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆောက်အဦအထူးအဖွဲ့ (၁၁) မှ တည်ဆောက်နေသော တောင်ကြီးဆေးတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်းရှိ သင်ကြားရေး (၃) ထပ်ဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
တောင်ကြီးဆေးတက္ကသိုလ်၌ အလျား ၁၆၂ ပေ၊ အနံ ၅၆ ပေ ၊ (၃) ထပ်အဆောက်အဦဖြစ်ပြီး မေ ၃၀ ရက်တွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးတက္ကသိုလ် RC (၃) ထပ် စာသင်ဆောင် ဆောက်လုပ်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment