Sunday, February 3, 2019

ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး ဦးဆောင်သည့်အဖွဲ့ သံဃာမဟာနာယက ဥက္ကဋ္ဌဆရာတော်အား သွားရောက်ဖူးမြော် ဇေကမ္ဘာပြတိုက်၊ မဟာစေတီနှင့် ကမ္ဘောဇသာဒီ နန်းတော်ရာအား သွားရောက်လေ့လာ



ရန်ကုန် ဖေဖော်ဝါရီ ၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး Mr. Vira Rojpojchanarat ဦးဆောင်သည့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာ တော် ဘဒ္ဒန္တ ဒေါက်တာကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်) အား သွားရောက်ဖူးမြော်သည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်အား ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ နုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာ ခင်ရွှေတို့က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။
ထို့နောက် ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် သန်လျင်မြို့ရှိ ဇေကမ္ဘာပြတိုက်သို့ သွားရောက်၍ ရှေးဟောင်းအမွေအနှစ် ပစ္စည်းများကို လေ့လာရာ အင်္ဂလန်နိုင်ငံမှ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ပညာရှင် မစ္စအဲလိဇဘတ်မိုး နှင့်အဖွဲ့က ရှေးဟောင်းပစ္စည်းများ စနစ်တကျ ထိန်းသိမ်းထားရှိသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ သည်။
ထိုမှတဆင့် ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာဒုံဥယျာဉ်မြို့တော် မြို့တော်ဦး ဇမ္ဗူဥသျှောင် မြတ်ဘုန်းခေါင် စေတီတော်မြတ်အား ဖူးမြှော်ကြည်ညိုပြီး ကုမ္ပဏီမှ ထိန်းသိမ်းစောင့်ရှောက်ထားသော မြန်မာ့အမွေအနှစ် ဝတ္ထုပစ္စည်းများနှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပစ္စည်းများအား လေ့လာကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် ထိုင်းယဉ်ကျေးမှုဝန်ကြီး ဦးဆောင်သည့် အဖွဲ့သည် ပဲခူးမြို့ သို့သွားရောက်ကာ ဘုရင့်နောင်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည့် မဟာစေတီတော်မြတ်ကြီးအား ဖူးမြော်ရာ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်၊ သာသနာ့နုဂ္ဂဟအဖွဲ့ဝင်များ၊ ပအိုဝ်းတိုင်းရင်းသူများနှင့် ဂေါပကအဖွဲ့တို့မှ ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး က ဂေါပကအဖွဲ့အား အလှူငွေများ ပေးအပ် လှူဒါန်းကြသည်။
ထို့နောက် ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီ ရွှေနန်းတော်သို့ ဆက်လက်သွားရောက် လေ့လာခဲ့ကြပြီး ညပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းလေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။
မင်းသစ်(MNA)

No comments:

Post a Comment