Saturday, February 2, 2019

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်လန်ဖူးမြို့ရှိ ဒေသခံ တိုင်းရင်းသားများနှင့် တွေ့ဆုံ



နေပြည်တော် ဖေဖော်ဝါရီ ၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင် များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့ သို့ရောက်ရှိပြီး ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စ ရပ်များအား ဆွေးနွေး ပြောကြားသည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါင်လန်ဖူးဒေသဆိုင်ရာ အချက်အလက်များ၊ လမ်းပန်းဆက်သွယ်မှု အခြေအနေများနှင့် ဒေသလိုအပ်ချက်များအား လည်းကောင်း၊ ရပ်မိရပ်ဖ တစ်ဦးက ခေါင်လန်းဖူးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား လည်းကောင်း တင်ပြကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခေါင်လန်ဖူးမြို့ တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများက အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ ဒေသခံများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် မြေပေါ်မြေအောက် သယံဇာတများအား ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ပေးရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးကို ထိခိုက်နှောင့်နှေးစေသည့် မူးယစ်ဆေးဝါး ပြဿနာများကိုလည်း ဒေသတွင်း လုံးဝအ၀င်မခံ ရန်လိုကြောင်း၊ စီးပွားရေးအတွက် ဒေသတွင်း ဆန်ဖူလုံရေး၊ ဒေသနှင့်ကိုက်ညီသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်များထုတ်လုပ်နိုင်ရေး မြို့မိ မြို့ဖများ၊ ဌာနဆိုင်ရာများ ညှိနှိုင်း တိုင်ပင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒေသခံ တိုင်းရင်းသားများအတွက် ဒံပေါက်များနှင့် ခေါက်ဆွဲကြော်ဘူးများကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများက ကြက်ဥ၊ ခေါက်ဆွဲခြောက် စသည့် စားသောက်ဖွယ်ရာများနှင့် MEC Tel တယ်လီ ဖုန်း ဟန်းဆက်များနှင့် တယ်လီဖုန်းကတ်များကို လည်းကောင်း ပေးအပ်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခေါင်လန်ဖူးမြို့ရှိ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဖွင့်လှစ် ထားသည့် သက်သာချောင်ချိရေး အရောင်းဆိုင်အား ကြည့်ရှုစစ်ဆေးပြီး ကောမလ ၀န္နနာစေတီတော်အား ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

No comments:

Post a Comment