Tuesday, February 5, 2019

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား တွေ့ဆုံ


 
ကျိုင်းတုံ ဖေဖော်ဝါရီ 
ကျိုင်းတုံမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ယနေ့ညပိုင်းတွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က ပြည်နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်ပေးပြီး ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အမှာစကားပြောကြားရာတွင် အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ရေးယန္တရားသည် နိုင်ငံတော်၏ အဓိကကျောရိုးမကြီးဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများ၏ နိုင်ငံရေးစနစ်နှင့်လိုက်လျောညီထွေ တည်ဆောက်ကြခြင်း ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရန် ဆွေးနွေး ညှိနှိုင်းမှုများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးဝန်ထမ်းများ၏ အခန်းကဏ္ဍသည် များစွာအရေးကြီးပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားသည့် နိုင်ငံရေးစနစ် အသက်ဝင်အောင် အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းများက ကြိုးပမ်းဆောင်ရွက်ရမည့်အပြင် အနာဂါတ်တွင် ဖြစ်ပေါ်လာမည့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်အတွက် အဆင်သင့်ဖြစ်အောင် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကိုလည်း အစီအစဉ်တကျ ဆောင်ရွက်သွားနိုင်ရန် အရေးကြီးကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တာဝန်ထမ်းဆောင်ကြရသည့် အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းများအနေဖြင့် ဒေသခံ တိုင်းရင်းသားများနှင့် နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက်နေကြရသည့်အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး သည် မိမိတို့နိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်မျှအထိအရေးပါသည်ကို သိရှိထား ရန် လိုအပ်ပါကြောင်း။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၁၈) ၏ သဘောတူညီချက်အရ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးဌာနသို့ ပြောင်းရွှေ့ ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြောင်းရွှေ့ပြီးနောက် ပထမဆုံးအနေဖြင့် အုပ်ချုပ်ရေးယန္တရား တည်တည်ငြိမ်ငြိမ်ဖြစ်ရန် Stability ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုမှတစ်ဆင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု Administrative Reform ကို စဉ်တိုက် ဆက်တိုက်ဆောင်ရွက်သွားရန် စီစဉ်နေပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရွှေ့အပြောင်းကြောင့် မလိုလား အပ်သော အခက်အခဲများ မဖြစ်ပေါ်အောင် အုပ်ချုပ်ရေးယန္တရားတည်ငြိမ်ရေး ကာလအဖြစ် ၂၀၁၉ ခုနှစ် ပထမ ၃ လကို ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းတွင် နောက်လာမည့် ၃ လတာအတွင်း ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်နှင့် ဆောင်ရွက်နိုင်အောင် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ပြုပြင်ပြောင်းလဲလိုစိတ်ကို အခြေခံပြီးပညာရှင်များ၏ ဆန်းစစ်လေ့လာ သုံးသပ်မှုများနှင့် ဆက်စပ်ကာလက်တွေ့ကျကျ ထိထိရောက်ရောက် အရှိန်အဟုန် ဖြင့် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ယခုဖေဖေါ်ဝါရီလထဲတွင် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို နေပြည်တော်၌ ကျင်းပ ပြုလုပ်သွားရန် စီစဉ်နေပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရှင်များ၏ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အတွေ့အကြုံ များ၊ သင်ခန်းစာများကိုအခြေခံပြီး အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းများအနေဖြင့် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော အခြေအနေများတွင် မည်သည်တို့ကို ပြုပြင်ပြောင်းလဲကြမည်ကို ကိုယ်တိုင်ကိုယ်ကျ စဉ်းစားသုံးသပ်၊ အချင်းချင်းအပြန်အလှန် ဆွေးနွေးကြပြီး အပြောင်းအလဲများ ဖော်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များကို ချမှတ်သွားရန် စီစဉ်ထားပါကြောင်း၊ အထွေထွေ အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှုကိုလူထုနှင့် အနီးစပ်ဆုံးဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းများမှ အဓိက ဆောင်ရွက်မည့် ချဉ်းကပ်မှုမျိုးနှင့် လုပ်ငန်းစဉ်များကို စတင်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ရည်ရွယ်ချက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုစတင်ပြီး စဉ်းစားသုံးသပ်သည့်အချိန်မှစ၍ အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများ၏ ပြုပြင်လိုသော၊ ပြောင်းလဲလိုသော အတွေးအခေါ်၊ အယူအဆများပါဝင်နေရန် ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းများအနေဖြင့် ယုံယုံကြည်ကြည် လေးလေးနက်နက် ပါဝင်မှလည်း မိမိတို့ မျှော်မှန်းသည့် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်နိုင် မည်ဟုယုံကြည်ထားပါကြောင်း။
နိဂုံးချုပ်အနေဖြင့် အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းများသည် အစိုးရများမည်သို့ပင် ပြောင်းပြောင်း၊ နိုင်ငံရေးစနစ်များမည်သို့ပင် ပြောင်းပြောင်း ခိုင်မာသောအဖွဲ့ အစည်းတစ်ရပ်အနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်ရေး ကျောရိုးမဏ္ဍိုင်ကြီးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ကြပြီးဖြစ်ပါကြောင်း၊ ယခုအချိန်သည် ပြုပြင်ပြောင်းလဲမှုများကို စံနမူနာပြဆောင်ရွက်ပေးနိုင်ရန် ပြည်သူများကို မျက်နှာမူသည့် အုပ်ချုပ်ရေးမဏ္ဍိုင် တစ်ရပ်ဖြစ်လာရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်သည့်အတွက် အလေးအနက် မှာကြားလိုသည့်အဓိကအချက် (၃) ချက်ရှိပါကြောင်း။
နံပါတ်(၁)မှာ ပြည်သူများပါဝင်မှုကို မြှင့်တင်ပေးသော အထွေထွေအုပ်ချုပ်ရေး ဖြစ်ပေါ်လာအောင် လူထုနှင့်တွေ့ဆုံတိုင်ပင်ပါ၊ လူထုဆီကအကြံဥာဏ်ယူပါ၊ လူထုအတွက် အမြဲအသင့်ရှိနေအောင် ကြိုးစားပါ၊ ပြည်သူလူထု ပါဝင်မှု မြင့်မားမည်ဆိုပါက မိမိတို့၏ ပြုပြင်ပြောင်းလဲမှုများ မုချအောင်မြင်မည်ဖြစ်ကြောင်း၊ ပြည်သူများနှင့်တစ်သားတည်း ရပ်တည်ဆောင်ရွက်တတ်သည့် အုပ်ချုပ်ရေးယန္တရားဖြစ်အောင် ကြိုးပမ်းပေးကြပါ၊ ပြည်သူများနှင့်နီးနီးနေပါ၊ ဝေးဝေးမနေပါနှင့်ဟုမှာကြားလိုပါကြောင်း။
နံပါတ်(၂)မှာကိုယ်ကျိုးစီးပွားနှင့် အဂတိတရားကင်းစင်အောင် စာရိတ္တမဏ္ဍိုင်ကိုခိုင်မာအောင် တည်ဆောက်ပေးကြပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ကာ လူထုအတွက် ၀န်ထုတ်ဝန်ပိုး မဖြစ်အောင် ဂရုတစိုက် ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ လာဘ်ပေးလာဘ်ယူ ကင်းစင်ပြီးသန့်ရှင်းသော အထွေထွေအုပ်ချုပ်ရေး ယန္တရားဖြစ်အောင် ဦးတည် ကြိုးပမ်းရာတွင် မိမိတို့အနေဖြင့် အဂတိလိုက်စားမှုများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဂတိ တရားကင်းစင်အောင် မိမိကိုယ်ကိုတန်ဖိုးထားပါ၊မိမိ၏ စာရိတ္တကိုတန်ဖိုးထား ပါဟုမှာကြားလိုပါကြောင်း။
နံပါတ်(၃)မှာ ပြုပြင်ပြောင်းလဲရမည်ကို မကြောက်ရန်နှင့် ပြုပြင်ပြောင်းလဲရမည်ကို သိထားပြီးဖြစ်သည့်အတွက် အပြောင်းအလဲ များကိုရှေ့ရှုပြီး ပြုပြင်သင့်သည်များကို ရဲရဲတင်းတင်းပြုပြင်ကြပါ၊ တစ်ဦးချင်းခံယူချက်မှာ ပြုပြင်ပြောင်းလဲရန် အဆင်သင့် မဖြစ်သေးပါက လုပ်ငန်းစဉ်များနှင့် လိုက်လျောညီထွေမဟုတ်သည့်အပြင် စိတ်ဖိစီးမှု များကိုဖြစ်ပေါ်နိုင်ပါကြောင်း၊ မည်သည့် ကဏ္ဍတွင်မဆို ပြုပြင်ပြောင်းလဲမှုသည် တစ်ဦးချင်း၏ စိတ်ဓာတ်၊ ယုံကြည်မှု၊ ခံယူချက်များမှ စတင်သည်ဖြစ်၍ ပြုပြင်ပြောင်းလဲ လိုစိတ်ကို ခိုင်ခိုင်မာမာ မွေးမြူကြရန်အလေးအနက် တိုက်တွန်းပြောကြားလိုပါကြောင်း။ မိမိတို့ ၀န်ထမ်းများအနေဖြင့် စိတ်ချမ်းချမ်းသာသာ၊ ပျော်ပျော်ရွှင်ရွင်ဖြင့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ကြပြီး" ပြုပြင်ပြောင်းလဲမှု စံနမူနာပြထွေအုပ်က" ဟု ဆိုနိုင်သည်အထိ ဖြစ်ပေါ်လာအောင် ၀ိုင်းဝန်းကြိုးပမ်း အားထုတ်ပေးကြရန် တိုက်တွန်းပြောကြားပါကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး ၀န်ကြီးဌာန၏မူဝါဒနှင့် လုပ်ငန်းစဉ်များကို လေးစားလိုက်နာ ဆောင်ရွက်ရန် မှာကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment