နေပြည်တော် ဖေဖော်ဝါရီ ၅
Shaw Brothers
Pictures International Ltd က ၎င်းတို့၏ အထူးအောင်မြင်သော
Line Walker ရုပ်ရှင်ဇာတ်ကား၏ အဆက်ဖြစ်သည့် Line
Walker – 2 အတွက် အဓိကဇာတ်ဝင်ခန်းအချို့ကို မကြာမီရန်ကုန်မြို့တွင် လာရောက်ရိုက်ကူးမည်
ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားရိုက်ကူးနိုင်ရေး
ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က
အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက
ဟောင်ကောင်၏ အကျော်ကြားဆုံး ကုမ္ပဏီဖြစ်သည့် Shaw Brothers Pictures International
Ltd အနေဖြင့် နိုင်ငံတကာအဆင့်မီ ရုပ်ရှင် ဇာတ်ကားရိုက်ကူးခြင်းဖြစ်ရာ နိုင်ငံ၏ပုံရိပ်ကို
ပိုမိုမြင့်တင်ပေးနိုင်မည်ဟု မြင်ပါကြောင်း၊ မြန်မာပရိသတ်တို့အဖို့လည်း မြို့ပြများအတွင်း ရုပ်ရှင်ရိုက်ကူးပုံများကို လက်တွေ့ရှုမြင်ရမည်
ဖြစ်သည့်အတွက် စိတ်ဝင်စား ကြ၊ နှစ်သက်ကြလိမ့်မည်ဟု မြင်ပါကြောင်း၊ တစ်ဖက်တွင် အများပြည်သူအတွက်
အနှောင့်အယှက်၊ အခက်အခဲများ မဖြစ်ပေါ် ရန် ဂရုစိုက်ရမည်ဖြစ်ပါကြောင်း၊ လူမျိုးရေး၊ ဘာသာရေးအရ
ထိခိုက်ငြိစွန်းမှုများ မရှိအောင်လည်း အထူးသတိပြုရန် လိုအပ်ပါ ကြောင်း၊ ရိုက်ကူးရေးအဖွဲ့များ
ဝင်/ထွက် လုပ်ဆောင်မှု၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ ရိုက်ကူးရေးသုံး ပစ္စည်းများ
ထုတ်/သွင်းပြုလုပ်မှုများကို စနစ်တကျ ပြုလုပ်ပေးရန်နှင့် တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်
လိုအပ်ပါကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရဲနိုင်က ‘Line Walker -2’ ဇာတ်ကား ရိုက်ကူးရာတွင်
ကဏ္ဍအလိုက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး Yangon Synthesis
Productions ကုမ္ပဏီ လီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးမင်းစိုးသီဟနှင့် Shaw
Brothers Pictures International Ltd မှ တာဝန်ရှိသူ များက ရိုက်ကူးရေးအစီအစဉ်များကို
ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်
တို့က ဖြည့်စွက်ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက
နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)
No comments:
Post a Comment