Tuesday, January 29, 2019

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း Invest Myanmar Summit 2019 သို့ တက်ရောက် ဆွေးနွေး


နေပြည်တော် ဇန်န၀ါရီ ၂၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကျင်းပသည့် Invest Myanmar Summit 2019 ၏ ဒုတိယနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီး ချုပ်များ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲ ဒုတိယနေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် YGA Capital Limited မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသူရကိုကိုက စီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သည့် ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးသည်။
ယင်းဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ ဝန်ကြီးဌာနအသစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် သိသာထင်ရှားသော အပြောင်းအလဲတစ်ခု ဖြစ်ပါကြောင်း၊ ကုမ္ပဏီ ဖွဲ့စည်း တည်ထောင်ခွင့် လျှောက်ထားခြင်းအတွက် ဒီဂျစ်တယ်နည်းပညာဖြင့် MyCo System ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုလွယ်ကူစေရန်အတွက် စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ  Standard Operating Procedure(SOP)နှင့် Land Bank  ကို ရေးဆွဲအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စတုတ္ထ စက်မှုတော်လှန်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ မြန်မာ့လူငယ်များသည် နိုင်ငံတကာအဆင့်ထိ ထိုးဖောက်နိုင်စွမ်းရှိသည်ကို မကြာမီကျင်းပခဲ့သည့် Robotic Olympic တွင် အောင်မြင်မှုများ ရရှိခဲ့သည်ကို သာဓကအနေဖြင့် တွေ့မြင်နိုင်ပါကြောင်း၊ ပထဝီအနေအထားအရ ကမ္ဘာ့ တိုးတက်မှု အမြန်ဆုံးသော နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့ကြားတွင်ရှိနေသည့် မြန်မာနိုင်ငံသည် အချက်အချာကျသည့် နေရာတွင်ရှိပါကြောင်း၊ Belt & Road Initiative ၏ အရေးပါမှု၊ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရန် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုတို့ကို ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံသူများ အပါအဝင် နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် ဆောင်ရွက် နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မိမိတို့ အားလုံး ဝိုင်းဝန်းလုပ်ဆောင်ရန် အဓိက ပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ကိစ္စ နှင့်စပ်လျဉ်း၍ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ် နေသည့် အခြေအနေများကို သိရှိနားလည်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၊ ရခိုင် ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီနှင့် ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင် တို့ကို ဖွဲ့စည်းခဲ့ပြီး ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျနေခြင်းသည် အဓိကကျသည့် စိန်ခေါ်မှု များအနက် တစ်ခုဖြစ်ပါကြောင်း၊ မည်သူ့တွင် တာဝန်ရှိသည်ကို အပြစ်ဖို့နေခြင်းထက် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ ဖေဖော်ဝါရီလတွင် ရခိုင် ပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လယ်ယာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံသည်။
(သတင်းစဉ်)

No comments:

Post a Comment