နေပြည်တော် ဇန်နဝါရီ ၂၂
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့
ပူးပေါင်းဖွင့်လှစ်သည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ
စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းရင်း သားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့်
ဝန်ဆောင်မှုရေးရာ ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊
ဒုတိယအမြဲတမ်းအတွင်းဝန်၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသူ သင်တန်းသားများ
တက် ရောက်ကြသည်။
မူဝါဒ(၄)ရပ် ချမှတ်ဆောင်ရွက်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုပေါင်း
၁၃၀ ကျော် ပေါင်းစည်းနေထိုင်ကြပြီး နိုင်ငံ၏နေရာ ဒေသအသီးသီးတွင် ပျံ့နှံ့နေထိုင်လျက်
ရှိရာ တိုင်းရင်းသားလူမျိုးများ၏ သမိုင်း အရ၊ ယဉ်ကျေးမှု အနုပညာအရပါ တန်ဖိုး ကြီးမားသည့်
ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ၊ နေရာ၊ ဝတ္ထုပစ္စည်း စသည့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေ
အနှစ်များသည်လည်းနိုင်ငံ၏ နေရာဒေသ အနှံ့အပြားတွင် များစွာတည်ရှိနေ ပါကြောင်း၊ ယနေ့ကျင်းပသည့်
သင်တန်းသည် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ အတွေးအခေါ်၊ ယဉ်ကျေး မှု၊ ရိုးရာဓလေ့နှင့်
ပွဲတော်များစသည့် ထိတွေ့ကိုင်တွယ်မရသည့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း
ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းသို့ တင်သွင်းခြင်းဆိုင်ရာ
လုပ်ငန်း စဉ်နှင့် လုပ်ထုံးလုပ်နည်း များကို သိရှိ နားလည်ပြီး ပြန်လည်အသုံးချနိုင်စေရန်
ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနအနေဖြင့်
တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက်
ဝန်ကြီးဌာန ၏ မူဝါဒ(၄)ရပ်တွင် မူဝါဒတစ်ရပ် အနေဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစာရင်း ပြုစုဆောင်ရွက်ခြင်း
ဖြင့် တိုင်းရင်းသားအသီးသီး၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို အချင်းချင်း
နားလည် သဘောပေါက်ကြ ပြီး ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက် ဖြစ်ပေါ်လာစေမည်ဖြစ်ပါကြောင်း၊
လူမျိုး တစ်မျိုးနှင့်တစ်မျိုး နားလည်ချစ်ကြည်လာပါက မိမိတို့ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာမှု
ရှိလာမည်ဖြစ်ပြီး နိုင်ငံတော်က မျှော်မှန်းထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို
တည်ဆောက်သည့်နေရာတွင် များစွာ အထောက်အကူပြုစေမည် လည်း ဖြစ်ပါ ကြောင်း၊ ကမ္ဘာ့နိုင်ငံများ
အနေဖြင့်လည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို အရေးကြီးသော အခန်းကဏ္ဍ တစ်ခု အဖြစ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ
မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံ၏ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် တည်ရှိမှု နှင့် ထိန်းသိမ်းစောင့်ရှောက်မှုများတွင်
အလေးထား တန်ဖိုးထားမှုများနှင့် နိုင်ငံတကာအသိအမှတ်ပြုမှုများ ရရှိလာ စေရန် ၂၀၁၄ ခုနှစ်တွင်
ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှု
အမွေအနှစ်များအား ကာကွယ်စောင့် ရှောက်ရေး ကွန်ဗင်းရှင်းတွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး
ကွန်ဗင်းရှင်းဝင် နိုင်ငံဖြစ်သည်နှင့်အညီ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား ကာကွယ်စောင့်
ရှောက်ရေးနှင့် သတ်မှတ်ဖော်ထုတ်ရေး ကိစ္စရပ်များကို ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ထိန်းသိမ်းစောင့်ရှောက်
မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ် များကို စာရင်းတင်သွင်းဖော်ပြမှု မရှိပါက
အိမ်နီးချင်းနိုင်ငံအချို့၏ မွေးစားမှု၊ အသွင်ပြောင်းယူငင်မှုများ ရှိလာနိုင်သည့် အပြင်
မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း မပြုပါက အချိန်ကာလ၏
တိုက်စားမှု အောက်တွင် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် သွားနိုင်ပါကြောင်း၊ ယဉ်ကျေးမှုပျောက်ကွယ်ပါက
လူမျိုးပါ ပျောက်ကွယ်သွားနိုင်သဖြင့် မိမိတို့ တိုင်းရင်းသားလူမျိုးများ၏ ကြွယ်ဝ လှသည့်
ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များကို သိမြင်နားလည်ပြီး တန်ဖိုးထား စာရင်းပြုစုခြင်း၊
မှတ်တမ်းတင်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သင်တန်းမှရရှိလာသော အသိပညာ၊ ဗဟုသုတများကို
ပြည်သူလူထုအတွင်းသို့ လက်ဆင့်ကမ်းမျှဝေရန်နှင့် မိမိတို့ တိုင်းရင်းသားလူမျိုးများ၏
ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ရေရှည် ရှင်သန်တည်တံ့နိုင်အောင် ထိန်းသိမ်း စောင့်ရှောက်သည့်
လုပ်ငန်းစဉ်များတွင် လက်တွေ့အသုံးချရမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး
ဦးရဲမြတ်အောင်က ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်၏ အဓိပ္ပာယ်၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း
စောင့်ရှောက်ရေး ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းတွင် ဟောပြောပို့ချ မည့်
အကြောင်းအရာများ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေးမူဘောင်များနှင့်
မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် တိုးတက်မြှင့်တင်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု
များကို ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်းဆွေးနွေးသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် အခမ်းအနား တက်ရောက်လာသူ များသည်
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၌ ခင်းကျင်းပြသထားသည့် တိုင်းရင်းသားရိုးရာ
ယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင်မှုပြခန်းများ၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်
ရှောက်ရေးနှင့်စပ်လျဉ်း၍ ခင်းကျင်းပြသ ထားသည့် တိုင်းရင်းသားဓာတ်ပုံများ ကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊
သင်တန်းသူ သင်တန်းသားများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။ ယခုဖွင့်လှစ်သည့်
သင်တန်း သည် ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment