ရန်ကုန် ဇန်န၀ါရီ ၂၄
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီမိနစ် ၄၀ တွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသူ များ၏ ပညာသင်ကြား သင်ယူနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် KG တန်းမှ ကျောင်းသူလေးများ၏ ပညာသင်ကြား သင်ယူမှုနှင့် ကျောင်းသူလေးများ ကိုယ်တိုင်ဆန်းသစ်တီထွင် ဖန်တီးထားသည့် ပန်းချီနှင့်စက္ကူ အရုပ်မျိုးစုံတို့ကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပထမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်းနှင့် န၀မတန်း စာသင်ခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းသူလေးများ၏ လက်ရှိပညာ သင်ကြား သင်ယူမှု အခြေအနေများ၊ ၎င်းတို့၏ ၀ါသနာနှင့် အနာဂတ် ပန်းတိုင် ရည်မှန်းချက်များကို ရင်းရင်းနှီးနှီး မေးမြန်းသည်။
ထိုသို့ လှည့်လည်ကြည့်ရှုအားပေးရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အလွတ်ကျက် ပညာရေးထက် တတ်သိ နားလည်အောင် ကြိုးပမ်းသင်ကြားရေး၊ အားနည်းသည့် ဘာသာရပ်များကို ကိုယ်ကိုယ်တိုင် သိမြင်ပြီး ပြုပြင်ကြိုးစား အားထုတ်ရေး၊ အင်္ဂလိပ်စာ ဘာသာရပ်ကို ကျွမ်းကျင်စွာ တတ်မြောက်ရေး၊ ဉာဏစွမ်းရည်သာမက ကာယစွမ်းရည်ပါ တိုးတက်ရေးအတွက် ကာယသင်တန်းများကို အစုအဖွဲ့ဖြင့် စည်းလုံးညီညွတ်စွာ လေ့ကျင့်ကစားနိုင်ရေး၊ အနာဂတ်တွင် တက္ကသိုလ်ပညာရပ် သာမက အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုပါ ၀ါသနာအလျောက် တက်လှမ်းနိုင်အောင် ကြိုးစား သင်ယူရေးတို့ကို တာဝန်ရှိသူများနှင့် ကျောင်းသူလေးများအား မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းစာကြည့်တိုက်သို့ သွားရောက်ပြီး ဘာသာရပ်အလိုက် စာအုပ် စာပေများ စုဆောင်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက် အင်္ဂါရပ်နှင့်အညီ စာအုပ်များကို စနစ်တကျ ထားရှိရေး၊ စာကြည့်တိုက် ပညာရှင်များနှင့် ချိတ်ဆက်၍ စနစ်တကျ ထိန်းသိမ်းထားရှိရေးတို့နှင့် စပ်လျဉ်း၍ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာမများအား မှာကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းအစည်း အဝေးခန်းမ၌ မိဘဆရာအသင်းမှ ကျောင်းသားမိဘများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများအား တွေ့ဆုံပြီး ကျောင်း၏လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပန်းဘဲတန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကို ၁၈၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ယခင်က ခရစ်ယာန် သာသနာပြုကျောင်းဖြစ်ပြီး စိန့်မေရီဒိုင်အိုစီဇင် မိန်းကလေး အထက်တန်း ကျောင်းဟု ခေါ်သည်။ ၁၉၆၅ ခုနှစ် ဧပြီလ ၁ ရက်တွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းအမည် ပြောင်းလဲ သတ်မှတ် ခေါ်တွင်ခဲ့ကြောင်း သိရသည်။ မိန်းကလေးအထက်တန်းကျောင်းဖြစ်ပြီး လက်ရှိကျောင်းသူ ၂၇၃ ဦး ပညာသင်ကြားလျက်ရှိသည်။ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း အနေဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ၂၀ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ၄၂ ဒသမ ၄၂ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ၂၉ ဒသမ ၀၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment