ရန်ကုန် ဒီဇင်ဘာ ၁
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယက
အဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌာရသမ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင်
ရန်ကုန် မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ၀ိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူ ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယ၀န်ကြီး ဦးကြည်မင်း၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများတက်ရောက် ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက် အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂဓမ္မ က အခမ်းအနားမှူးအဖြစ် ဆောင်ရွက် တော်မူသည်။
ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ) ၏ ဆဋ္ဌအကြိမ် တာဝန်ကျရာ ကာလအတွင်း သာသနာရေး၊ ၀ိနိစ္ဆယရေးနှင့် ပညာရေး ဆောင်ရွက် ချက်များအပေါ် အဖွဲ့ဝင်ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးကြပြီး ဆဋ္ဌအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို တွဲဖက် အကျိုးတော်ဆောင် ဆရာတော်က အတည်ပြုချက် ရယူသည်။
ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူ လာကြသည့် ဆရာတော်ကြီးများက ဇယန္တော ဗောဓိယာ မူလေ အစချီသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူပြီး သာဓု သုံးကြိမ် ခေါ်ဆိုကာ သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌာရသမ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူ လာကြသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား အရုဏ်ဆွမ်းကို မောင်အောင်နိုင်သူနှင့် မစုဆင့်နေနေ နှင့် နေ့ဆွမ်းကို ကျိုက္ကစံဝေဠုဝန် (ရွှေကျင်) ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ မာနိတနှင့် တပည့်ဒါယကာ ဒါယိကာမများက ပဉ္စ၀ီသတိမ (၂၅) ကြိမ်မြောက် ဆက်ကပ်လှူဒါန်း ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment