ရန်ကုန် ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ၏ အစီအစဉ် တစ်ရပ်အဖြစ်
ဧရာဝတီ တိုင်းဒေသကြီး ဒီဇင်ဘာလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆
နာရီက ငွေဆောင်မြို့ရှိ ငွေဆောင် အပန်းဖြေကမ်းခြေတွင် ပထမဆုံးအကြိမ် အဖြစ်
ကျင်းပ သည်။
လမ်းလျှောက်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးလှမိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မကွေး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကယားပြည်နယ် ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တို့နှင့်အတူ တိုင်းဒေသကြီးများမှ ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သံတမန်များ၊ ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်း ရှင်များ၊ ကမ္ဘာလှည့် ခရီးသွားများ၊ ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲကြသည်။
အဆိုပါလမ်းလျှောက်ပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး နံနက် ၆ နာရီတွင် အဆိုပါကမ်းခြေရှိ ယမုံနာဦး ဟိုတယ်မှ စတင်ထွက်ခွာခဲ့ကြပြီး ချစ်သူများကျွန်း အနီးတွင် ဧရာဝတီ တိုင်းဒေသကြီး အေရိုးဗစ် အဖွဲ့နှင့်အတူ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ကာ တာထွက်နေရာသို့ ပြန်လည်စုပေါင်း လမ်းလျှောက်ကြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် က "ငွေဆောင် ကမ်းခြေမှာ လူထုစုပေါင်းလမ်းလျှာက်ပွဲ လုပ်တာ ပထမဆုံးအကြိမ်ပါ။ ဒေသခံတွေလည်း အများကြီး ပါဝင်တယ်။ အားလုံးချစ်ချစ် ခင်ခင် စည်းစည်းလုံးလုံး ပါဝင်ဆင်နွှဲကြတာ တွေ့ရတယ်။ ကျန်းမာရေး အတွက်လည်း အထောက်အကူဖြစ်သလို အချင်းချင်းညီညွှတ်ပြီး ကူညီရိုင်းပင်းလိုတဲ့ စိတ်တွေလည်း ပိုတိုးလာစေမှာ ဖြစ်ပါတယ်" ဟုပြောသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ၏ ဒုတိယနေ့ အစီအစဉ် အရ တိုင်းဒေသကြီးအတွင်း လေ့လာရေး ခရီးစဉ်အဖြစ် ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးလှမိုးအောင် ၊မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူများ၊ JICA နှင့် JETRO တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များ က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့မှ ခွင့်ပြုပေးထားသော ဟိုတယ်နှင့် အပန်းဖြေစခန်းများ၊ အိမ်ယာစီမံကိန်း များ၊ ငွေဆောင်အနီးရှိ ယုဇန ပုစွန်မွေးမြူရေးနှင့် ငါးမွေးကန်တို့ကို သွားရောက်ကြည့်ရှု လေ့လာကြသည်။
ထိုမှတစ်ဆင့် ပုသိမ်မြို့ရှိ စက်မှုဥယျာဉ်မြို့တော် သို့သွားရောက်ကာ ဆက်လက် ဆောင်ရွက်သွားမည့် စီကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြကျွန်းသာအိမ်ယာ စီမံကိန်းကိုလည်းကောင်း သွားရောက်လေ့လာ ကြသည်။
ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ အရင်းအမြစ်များ၊ စီမံကိန်းများနှင့်ပတ်သက်၍ အကောင်အ ထည်ဖော် ဆောင်ရွက်နေမှုများကို ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်း ရှင်များသိရှိပြီး ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:
Post a Comment