Saturday, December 1, 2018

ကမ္ဘာ့ အေ့ဒ်စ်ရောဂါနေ့ ၂၀၁၈ ခုနှစ်


 
ကမ္ဘာ့အေ့ဒ်စ်ရောဂါနေ့ဟူ၍ နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ကို သတ်မှတ်ကာ ကမ္ဘာတစ်ဝန်းထိုရောဂါဆိုးကြီးကို လက်တွဲ ကာကွယ်တိုက်ဖျက်ဆောင်ရွက်ကြရန်၊ ရောဂါခံစားနေရသူ များနှင့် ရောဂါပိုးရှိနေသူတို့ကို ဝိုင်းဝန်းကူညီဖေးမဆောင် ရွက်ကြရန် တိုက်တွန်းနှိုးဆော်သည့်အနေဖြင့် ဆောင်ရွက်နေ ခြင်းဖြစ်ပါသည်။ Global Health Days ခေါ် ကျန်းမာရေး ဆိုင်ရာအထိမ်းအမှတ်ပြုနေ့များတွင် အရေးပါသောနေ့ တစ်နေ့ဖြစ်ပြီး ၁၉၈၈ ခုနှစ်မှ စတင်သတ်မှတ်ဆောင်ရွက်ခဲ့ ခြင်း ဖြစ်ပါသည်။
ထိုရောဂါသည် HIV Virus ( Human Immunodeficiency Virus ခေါ် လူ့ကိုယ်ခံစနစ်ကို ထိခိုက်ပျက်စီးစေသည့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး AIDS ဆိုသည်မှာ ထိုဗိုင်းရပ်စ်ပိုးကြောင့် လူ့ခန္ဓာကိုယ်တစ်ခုလုံး ခုခံအားကင်းမဲ့ပျက်စီးကာ နောက်ဆုံးသေဆုံးရသည်အထိ ဖြစ်စေခဲ့သော ကူးစက်ရောဂါဆိုးကြီး ဖြစ်သည်။ “ကုရာနတ္ထိ ဆေးမရှိ၊ AIDS ရောဂါဖြစ်လျှင် မုချသေရမည်” ဟူ၍ ကုရာဆေးလည်းမရှိ၊သေရမည်သာ ဖြစ်သည့်ရောဂါအဖြစ် ထိတ်လန့်ခြောက်ခြားဖွယ်ဖြစ်ခဲ့ပါသည်။ ၁၉၈၄ ခုနှစ်က ထိုရောဂါပိုးကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ထိုရောဂါကြောင့် လူပေါင်း ၃၅ သန်းခန့်တို့ သေဆုံးခဲ့ရပြီး ယခုအခါ ထိုရောဂါပိုး ရှိနေသူပေါင်းမှာ ၃၄ သန်းရှိနေဆဲ ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ထိုရောဂါကို အလေးပေးသတိထားကြဖို့ အထူး လိုအပ်နေသည်ကို သတိချပ်ကြဖို့ လိုပါသည်။

HIV သမိုင်းအစ

HIV ဆိုသည်မှာ လင်န်တီးအမည်ရှိ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပြီး သူ့သဘာဝက သတ္တဝါတို့၏ ခုခံအားစနစ်ကို ဖျက်ဆီးတတ်ခြင်း ဖြစ်သည်။ လင်န်တီးဗိုင်းရပ်စ်သည် ရီထရို ဗိုင်းရပ်စ်ခေါ် ဗိုင်းရပ်စ်ပိုးအုပ်စုဝင်လည်း ဖြစ်သည်။ လင်န်တီး ဗိုင်းရပ်စ်သည် ဆိုသည်မှာ Slow Virus ဟု အဓိပ္ပာယ်ရ သည်။ ထိုဗိုင်းရပ်စ်ပိုးတို့သည် ကြောင်များ (feline immunodeficiency virus)၊ မြင်းများ (equine immunodeficiency virus)၊ ကျွဲနွားများ (bovine immunodeficiency virus) စသည်တို့တွင် ကူးစက် နေထိုင်လေ့ရှိသည်။ ယင်း၏မူလအစမှာ Simian Immunodeficiency Virus (SIV) ဖြစ်ပြီး မျောက်များ တွင် စတင်တွေ့ရှိရကြောင်း သိရသည်။

HIV-2 ဟူ၍လည်း မျိုးကွဲတွေ့ရပြီး ယင်းသည် SIVsm ခေါ်သည့် SIV ပိုးမျိုးနှင့်ဆင်တူသည်။ ထိုပိုးတို့ကို အနောက်အာဖရိကတိုက်တွင် နေထိုင်ကြသည့် မျောက်စိမ်း- (sootymangabey) တွင် တွေ့ရသည်။ HIV ပိုးတို့တွင် HIV-1 သည် ကူးစက်လွယ်ပြင်းထန်သော ပိုးမျိုးဖြစ်ပြီး ၁၉၉၉ခု နှစ်အထိ ချင်ပင်ဇီမျောက်ဝံတို့တွင် တွေ့ရသည့် SIVcpz အမည်ရပိုးနှင့်ဆင်တူကြောင်း သိရသည်။ သို့သော်ကွဲပြားမှုများရှိနေသည်ကို တွေ့ရသည်။ ၁၉၉၉ ခုနှစ်တွင် အလာဘားမားတက္ကသိုလ်မှ ပညာရှင်တို့က လူသားတို့ကို ကူးစက်နေသော ဗိုင်းရပ်စ်ပိုးသည် SIVcpz မျိုးတစ်မျိုးဖြစ်သော HIV-1 ဖြစ်ပြီး ချင်ပင်ဇီမျိုးကွဲတစ်ခု ဖြစ်သည့် Pantroglodytes troglodytes ခေါ် အာဖရိကတိုက်အနောက်အလယ်ပိုင်းတွင်နေသည့် ချင်ပင်ဇီ တို့တွင် တွေ့ရပြီး လူကိုကူးစက်စေနိုင်ကြောင်း ဖော်ပြကြ သည်။ တစ်ဖန်ချင်ပင်ဇီအရိုင်းကောင်တို့တွင် SIV ပိုးနှစ်မျိုး ပေါင်းစပ်ကာ တတိယပိုးမျိုးဖြစ်ထွန်းလာပြီး ယင်းသည် လူသားများကို AIDS ရောဂါဖြစ်စေသည့် တရားခံဖြစ် ကြောင်း တွေ့ရှိချက်ကို အတည်ပြုပြောကြားကြသည်။ Red-capped mangabeys၊ spot-nosed monkeys ဟူသည့် မျောက်စိမ်းမျိုးတို့တွင် HIV-1 ပိုးတို့ကို ရှာဖွေ တွေ့ရှိရသဖြင့် ထိုမှတစ်ဆင့် ကူးစက်ပျံ့နှံ့ခြင်းဖြစ်မည်ဟု ခန့်မှန်းကြပါသည်။ HIV ပိုးကို အစောဆုံးတွေ့ရသူမှာ အာဖရိကတိုက်ရှိဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံတွင် နေထိုင် သည့် အမျိုးသားတစ်ဦးဖြစ်ပြီး ၁၉၅၉ ခုနှစ်က တွေ့ရှိခဲ့ ကြောင်း သိရသည်။ တောရိုင်းတိရ္ဆာန်များကို သတ်ဖြတ် စားသောက်ကြခြင်း၊ ကမ္ဘာ့အနှံ့ ကူးလူးဆက်ဆံမှုများလာခြင်း၊ နေထိုင်မှုပုံစံများ ပြောင်းလာခြင်း၊ လိင်အပျော်အပါးဆက်ဆံ မှုများလာခြင်း၊ မူးယစ်ဆေးဝါးများ ထိုးသွင်းလာကြခြင်း၊ မသန့်ရှင်းသည့် သုံးပြီးသားဆေးထိုးအပ် ဆေးထိုးပြွန်များသုံး ကြခြင်း၊ မသန့်ရှင်းသည့်သွေးသွင်းကုသကြခြင်း၊ လိင်တူ ဆက်ဆံမှုများလာခြင်း စသည့်အကြောင်းများကြောင့် ၂၀ ရာစုအလယ်ပိုင်းကာလများမှ စတင်ကာ ကြီးမားသော ကူးစက်ရောဂါကြီးတစ်ခုအသွင် ဖြစ်လာပါသည်။ အစပိုင်း တွင် လိင်တူဆက်ဆံသူများမှ အများအပြားစတင်တွေ့လာရပြီး လိင်အပျော်လိုက်စားသူများ၊ သွေးသွင်းကုသမှုခံယူရသည့် သွေးရောဂါရှင်များ၊ မိခင်မှကလေးသို့ ကူးစက်လာခြင်းများ စသည်တို့ ဖြစ်ပွားပျံ့နှံ့လာပါသည်။ AIDSရောဂါ ပထမဆုံး တွေ့ရသူမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်သား တစ်ဦးဖြစ်ပြီး ၁၉၈၁ ခုနှစ်က တွေ့ရှိခြင်းဖြစ်သည်။

HIV-1 ပိုးကို Luc Montagnier ( France) နှင့် Robert Gallo (United States) တို့က ၁၉၈၁ ခုနှစ်တွင် တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့ပါသည်။ HIV-2 ပိုးသည် အနောက်အာဖရိက တိုက်တွင်သာ တွေ့ရလေ့ရှိပြီး ပြန့်ပွားမှုနှေးကွေးနည်းပါးပါ သည်။ ရောဂါဖြစ်ပွားလျှင်လည်း ပြင်းထန်မှုမတွေ့ရဟု သိရသည်။ အဓိကမှာ HIV-1 သာဖြစ်ပါသည်။

HIV ပိုးသည် တစ်နာရီလျှင်လူ ၂၀၀ နှုန်း၊ တစ်နေ့လျှင် လူပေါင်း ၅၀၀ နှုန်းဖြင့် ကူးစက်ခဲ့သည်။ ART ခေါ် HIV ဗိုင်းရပ်စ်ပိုးများ မပွားနိုင်သည့်ဆေးဖြစ်သည့် ART ကို ၁၉၈၇ ခုနှစ်က စတင်ဖော်ထုတ်နိုင်ခဲ့ပြီး HARRT Highly Active Anti-Retroviral Therapy ခေါ် ဗိုင်းရပ်စ်ပိုး၏ life cycle ပြန့်ပွားမှုဖြစ်စဉ်ကို ထိရောက်စွာဟန့်တားနိုင်သည့် အစွမ်းထက် လှသောဆေးများကို ၁၉၉၅ ခုနှစ် ဧပြီလက Merk and the National Institute of Allergy and Infectious Diseases ရှိ ပညာရှင်များက အစပြုကာ ဆက်တိုက် ဖော်ထုတ်နိုင်ခဲ့ပါသည်။ ထိုဆေးများကြောင့် ဗိုင်းရပ်စ်ပိုးများ ခန္ဓာကိုယ်တွင်းမပြန့်ပွား ဆက်လက်မပေါက်ဖွားနိုင်တော့ဘဲ AIDSရောဂါဆိုးကြီးကိုလည်း အောင်မြင်စွာဟန့်တား နိုင်ခဲ့ပါသည်။ လူပေါင်းသန်းပေါင်းများစွာ အသက်ရှင်သန် ခွင့်ရခဲ့ပါသည်။ သို့သော် ထိုဆေးဖြင့် အောင်မြင်စွာ တိုက်ခိုက် ဟန့်တားနိုင်ခဲ့သော်လည်း၂၀၀၇ ခုနှစ်ထဲမှာပင် ကမ္ဘာတစ်ဝန်း လူပေါင်းနှစ်သန်းခန့် (ကလေးငယ်ပေါင်း ၂၇၀၀၀၀ ခန့်) ကူးစက်ခံနေခဲ့ရပါသည်။ ယခုအချိန်အထိ လူပေါင်း ၃၄ သန်းတို့မှာ ဗိုင်းရပ်စ်ပိုးရှိနေသူများ ဖြစ်နေကြသည်ကိုလည်း တွေ့ရပါသည်။ ထို့ကြောင့် ထိုရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးအသိများ၊ လက်တွေ့လုပ်ဆောင်မှုများ လူတစ်ဦး ချင်းစီ တစ်ကိုယ်ရေတည်းသာမက အသင်းအဖွဲ့များအားလုံးတို့က လက်တွဲဆောင်ရွက်ကြရန် World AIDS Day ကိုအထူး ဂရုပြုဆောင်ရွက်ခြင်းဖြစ်ပါသည်။

၁၉၈၈ ခုနှစ် စတင်ဆောင်ရွက်စဉ်ကပင် “Communication” အမည်ရှိဆောင်ပုဒ်နှင့် နှစ်အလိုက်နှိုးဆော် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် အတွက်မှာ Know your status ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂအေ့ဒ်စ်အဖွဲ့ ကြီး၏ ထုတ်ပြန်ချက်အရ လူပေါင်း ၉ ဒသမ ၄ သန်းတို့သည် သူတို့မှာHIV ပိုးရှိ မရှိဆို သည့် အခြေအနေ sအအေကျ ကို မသိကြဟု သိရသည်။ မိမိကိုယ်မှာ ထိုပိုးရှိနေ မနေကိုမသိ၊ မစစ်ဆေးမိကြခြင်းဖြစ်သည်။ ယခု ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့သည် နှစ် (၃၀) မြောက် World AIDS Day ဖြစ်သည်။ HIV/AIDS ရောဂါနှင့် ပတ်သက်၍ကုသမှု၊ ကာကွယ်မှုမှအစပြု၍ ဆေးပညာအပါအဝင် လူထုလှုပ်ရှားမှုစသည်တို့တွင် အားရစရာကောင်းလောက် အောင် တိုးတက်လာပါသည်။

သို့သော် လူအများစုတို့သည် မိမိမှာထိုရောဂါပိုးရှိ မရှိကို အလေးထား စိတ်ဝင်စားစွာစစ်ဆေး ခြင်းဆိုင်ရာတွင် အားနည်းနေသည်ကို တွေ့ရသည်။ အချို့က မိမိမှာ HIV ပိုးရှိနေသည်ကိုသိရလျှင် ကြီးစွာသော စိတ်ဆင်းရဲ နေရမည်ကို တွေးပြီး ထိတ်လန့်ကြသဖြင့် မစစ်ဆေးဘဲနေကြ သည်ကိုလည်းတွေ့ရသည်။ အမှန်မှာ HIV Testing သည် ၊ ရောဂါပိုးကို ပိုမိုထိရောက်စွာ ကုသမှုအတွက် ၉၀-၉၀-၉၀ targets ထိရောက်သည့် ဆောင်ရွက်နိုင်မှုဖြစ်သည်။ လူတစ်ယောက် သည် မိမိမှာ HIV ပိုးမရှိဟု သိရသည်နှင့် မိမိကိုယ်ကို စိတ် သန့်ရှင်းစွာ ယုံကြည်မှုရစေနိုင်ခြင်း၊ မိမိမှတစ်ဆင့်မိသားစုဝင် များအပါအဝင် အခြားသူများထံသို့လည်း၊ပိုးမကူးစက်စေနိုင် သည့် အခြေအနေကောင်းရရှိစေနိုင်ပါသည်။ လူပေါင်း ၉ ဒသမ ၄ သန်းခန့်တို့က မိမိတို့မှာ HIV ပိုးရှိ မရှိမစစ်ဆေးကြ၊ မသိရှိကြ ပေ။ စစ်ဆေးခြင်းဖြင့် မလိုအပ်သော စိတ်အနှောင့်အယှက်ဖြစ် မှုများ တွေ့ ကြုံလာရမည်၊ စစ်ဆေးသည်ဟုအများက သိသည်နှင့် မိမိတို့ကို မသင်္ကာဖြစ်မည်လားဆိုသည့်အတွေးမှား၊ အယူ အဆမှားများ စစ်ခံရသူတို့အား ခွဲခြားဆက်ဆံမှုများဖြစ်လာတတ် ခြင်းစသည့် အကြောင်းများကြောင့် HIV ပိုးစစ်ဆေးခြင်း ကိစ္စကိုရှောင်ရှားနေလေ့ရှိကြသည်။အမှန်မှာ မိမိဆန္ဒအလျောက် သာ စစ်ဆေးလေ့ရှိကြပြီး စစ်ဆေးမှုဆိုင်ရာအချက်တို့ကိုလည်း လျှို့ဝှက်ထားရပါသည်။

ယခုအခါ အများစုတို့သည် ဖျားနာမှု၊ နာမကျန်းမှုတစ်ခုခု ဖြစ်မှသာ စစ်ဆေးလေ့ရှိကြပါသည်။ HIV ရောဂါပိုးကူးစက်နိုင် သည့် အန္တရာယ်ရှိအပြုအမူများ(မသန့်ရှင်းသည့်သွေးသွင်း မိခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးဝါးတစ် မျိုးမျိုးသွေးကြောအတွင်းသွင်းမိခြင်း၊ မသန့်ရှင်းသည့် ဆေးထိုး အပ်၊ ဆေးထိုးပြွန်များသုံးမိခြင်း၊ မသန့်ရှင်းသည့် ခွဲစိတ်ကုသ မှုခံယူမိခဲ့ခြင်း၊ ရောဂါရှင်မိခင်က ကိုယ်ဝန်ဆောင်မိခြင်း စသည် များ)နှင့် ဆက်စပ်မိသည့်တိုင် စစ်ဆေးရန်ဝန်လေးနေတတ်ကြပါ သည်။ ရောဂါလက္ခဏာများဖြစ်သော ကာလတာရှည်ဖျားခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ရေယုန်များ ပေါက်ခြင်းစသည်တို့ဖြစ်မှသာ မဖြစ်မနေစစ်ဆေးကြသဖြင့် ဆေးကုသမှုအတွက်မှာ အဆင်မပြေမှုများ ကြုံလာရနိုင်ပါ သည်။ မိမိမှတစ်ဆင့် မိမိ၏ရင်သွေး အပါအဝင် အခြားသူများ ထံသို့ ပါကူးစက်နိုင်ပါတော့သည်။ ထို့ကြောင့် Self-testing, community-based testing services, multi-disease testing ခေါ် မိမိဆုံးဖြတ်မှုဖြင့် ဖြစ်စေ၊ အများစုဖြင့် စစ်ဆေး ခြင်းဖြစ်စေ၊ အခြားရောဂါများ စစ်ဆေးရာတွင် ထည့်သွင်း၍ ဖြစ်စေ စစ်ဆေးသင့်ပါသည်။ ထိုသို့ စစ်ဆေးခြင်းသည် မိမိနှင့် မိမိ၏ မိသားစုအဖွဲ့အစည်းအတွက် အထူးအရေးပါလှသည် ကို သတိပြုသင့်ပါသည်။ HIV စစ်ဆေးခြင်းအစီအမံ များကိုလည်း ပိုမိုတိုးချဲ့ အကူအညီများပေးသွားမည်ဖြစ် သည်။

World AIDS Day အစီအစဉ်များတွင် ဘာသာရေး အဖွဲ့အစည်းများ၊ အစိုးရများ၏ ကျန်းမာရေးဌာနများ၊ အနုပညာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အခြားအစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ ကျောင်းများ၊ တက္ကသိုလ်များ စသည်တို့က World AIDS Day အခမ်းအနားများ ကျင်းပကြခြင်း၊ ဟောပြောကြခြင်း၊ စာစောင်များဝေငှခြင်း၊ ဖဲကြိုးနီလှုပ်ရှားမှုများ လုပ်ကြခြင်း၊ candlelight celebration ဖယောင်းတိုင်ထွန်း ဆုတောင်းအခမ်းအနား များ ကျင်းပခြင်း စသည့်အစီအစဉ်များဖြင့် လှုပ်ရှားဆောင် ရွက်ကြမည်ဖြစ်ပါသည်။ ထူးခြားသည်က Know your status ဆိုသည့်အတိုင်း HIV ပိုး စစ်ဆေးမှုအစီအစဉ်များ ကိုလည်း တိုးချဲ့ဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။ စစ်ဆေးမှု၏ တွေ့ရှိမှုပေါ် မူတည်ပြီး လိုအပ်သော ဆောင်ရွက် မှုများကို ဆက်လက်ဆောင်ရွက်သွားခြင်းဖြင့် လူတိုင်း HIV ပိုးကင်းစင်၍ သာယာအေးချမ်းသော လူ့ဘောင်အဖွဲ့ဆီ မျှော်မှန်းနိုင်မည်ဖြစ်ပါသည်။

“HIV Testing.”

အများအားဖြင့် သွေးကိုစစ်ဆေးပြီး HIV antibody ပဋိပစ္စည်းကို စစ်ဆေးကြပါသည်။ ကိုယ်တွင်းမှာ HIV ပိုး တို့ကို ခုခံနေရသော ခုခံပဋိပစ္စည်းကို စစ်ဆေးတွေ့ရှိရလျှင် HIV ဝင်ရောက်နေပြီဟု ယေဘုယျလက်ခံကြပါသည်။

ယင်းတွင်
1. Simple/rapid tests
2. ELISA(Enzyme Linked Immuno- Sorbent Assay).
3.Western Blot စသည့်စစ်ဆေးခြင်းများ ပါဝင် ပါသည်။

ထိုသို့ သွေးစစ်ဆေးရာတွင် window period ခေါ် ခုခံအား ပဋိပစ္စည်းသည် ရောဂါပိုးဝင်ရောက်ပြီး ရက်သတ္တ လေးပတ်အကြာမှထွက်လာလေ့ရှိရာ ထိုကာလတွင်သာ စစ်ဆေးရမှာဖြစ်ပါသည်။ ထိုကာလကို window period (4th Generation antigen/antibody test) ဟု ခေါ် ခြင်းဖြစ်သည်။ ထိုကာလအတွင်းစစ်ဆေးလျှင် ရောဂါ ပိုးရှိ မရှိမသိနိုင်သည့်အပြင် ထိုကာလအတွင်း ရောဂါအလွန် ကူးစက်လွယ်ပါသည်။ ရောဂါပိုးဝင်ရောက်ပြီး သုံးလကြာ ကာလကို three month window period ဟုလည်း ခေါ်ပါသည်။ (သွေးအပြင် ဆီး၊ တံတွေးစသည်တို့ကိုလည်း စစ်ဆေးနိုင်ကြောင်း သိရပါသည်)။
HIV antigen tests ဟူ၍လည်းရှိပါသည်။

1.P24 antigen test
2.Nucleic Acid Testing(NAT)
ထိုစစ်ဆေးမှုတို့သည် ဖော်ပြခဲ့ပြီးသော ခုခံအား မထွက် မီကာလ window period တို့တွင် antigen ပိုးကို တိုက် ရိုက်ရှာဖွေနိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် ယခု ၂၀၁၈ ခုနှစ်အတွက် World AIDS Day ၏အထိမ်းအမှတ်မှာ Know Your Status ဆိုသည့်အတိုင်း လူတိုင်းကိုယ်စီတို့က စိတ်ဝင်စားစွာ မိမိတို့ခန္ဓာကိုယ်ထဲတွင် HIV ပိုးရှိမရှိစစ်ဆေးခံကြရန် အထူးတိုက်တွန်းထားခြင်းဖြစ်သည်ကို တွေ့နိုင်ပါသည်။အမှန်လည်း လူတိုင်း စစ်ဆေးထားသင့်သည့် စစ်ဆေးမှုဖြစ်ပါသည်။ တစ်ကမ္ဘာလုံး ကိုထိတ်လန့်ခြောက်ခြား စေခဲ့သည့်အပြင် လူသန်းပေါင်း များစွာတို့၏ အသက်များကို ဆုံးရှုံးစေခဲ့ခြင်း၊ ကမ္ဘာသူ ကမ္ဘာသားအများစု၏ နှလုံးသည်းအိမ်ကိုကိုင်လှုပ်နာကျင်စေခဲ့ သည့် ရောဂါဆိုးကြီး ဤကမ္ဘာမြေမှ အပြီးတိုင်ကွယ်ပျောက် သွားသည်အထိ ဝိုင်းဝန်းကူညီလက်တွဲဆောင်ရွက်ကြပါစို့ ဟုတိုက်တွန်းလျက် ဤနေ့ကြီးကို ကြိုဆိုလိုက်ရ ပေသည်။ ။

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

No comments:

Post a Comment