Saturday, December 1, 2018

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌာရသမ အစည်းအဝေး ကျင်းပ


ရန်ကုန် နိုဝင်ဘာ ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌာရသမ အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီးသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ဦး၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။ အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ က သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက် အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂဓမ္မက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူ သည်။
ရှေးဦးစွာ အခမ်းအနားမှူး ဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင် ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီ ယဩဝါဒကထာ ကို မြွက်ကြားတော်မူရာ၌ ယခု သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာ ယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌာရသမ အစည်း အဝေး၌ လျှောက်ထားလိုသော အကြောင်းအရာ (၄)မျိုး ရှိပါကြောင်း။
ပထမတစ်မျိုးမှာ - ဆရာတော်များ သိရှိပြီးဖြစ်တော် မူသည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ လုပ်ငန်းတာဝန် များကို သတိမမူ ဂူမမြင်ဆိုသကဲ့သို့ ဖြစ်နေမည်စိုးရိမ်သဖြင့် သတိပေးစကား လျှောက်ထားလိုခြင်းဖြစ်ပါကြောင်း၊ သံဃာ့ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းအခန်း (၆) အပိုဒ် (၁၁၁)၏ အနှစ်ချုပ်မှာ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာ လုပ်ငန်းများ ဆောင်ရွက်ရန်ပင်ဖြစ်ပါကြောင်း၊ မိမိတို့အား ပေးအပ်ထားသော လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန်ဖြစ်ပြီး
တာဝန်ပေးအပ်ထားခြင်းမရှိသော လုပ်ငန်းများကို မလုပ်ဆောင် ရန် အထူးသတိပြုစေလိုပါကြောင်း။
အမှားအယွင်းမရှိအောင် သုံးသပ်ဆုံးဖြတ်
ဒုတိယအချက်အနေဖြင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူအစားထိုးခြင်း၊ သံဃာ့အဖွဲ့အစည်း သက်တမ်း သတ်မှတ်ခြင်းကိစ္စရပ်များကို ဤအစည်းအဝေးသို့ တင်ပြ အဆုံးအဖြတ်ခံယူမည်ဟု သိရှိထား သည့်အားလျော်စွာ သတိ ဆောင်၍ အမှားအယွင်းမရှိအောင် သုံးသပ်ဆုံးဖြတ်နိုင်ရေး လျှောက်ထား လိုပါကြောင်း။
ပဉ္စမသက်တမ်းတွင် ထပ်မံအတည်ပြုရန် မလို
စတုတ္ထအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး အပြီးတွင် သံဃာ့အဖွဲ့အစည်း သက်တမ်းသတ် မှတ်ချက် ပြောင်းလဲခဲ့ပါကြောင်း၊ သက်တမ်းသတ်မှတ်ချက်သာမက ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာ ယက၊ သံဃာ့ဝန်ဆောင်များ၊ မြို့နယ် သံဃာ့ဝန်ဆောင်များ၊ မြို့နယ်ဝိနည်းဓိုရ်များ၊ တိုင်း ဒေသကြီး/ ပြည်နယ် သံဃာ့ဝန်ဆောင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝိနည်းဓိုရ်များ၊ သမ္မုတိရသံဃာ့ကိုယ်စားလှယ် ဆရာ တော်များ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ စသည်ဖြင့် အဆင့်ဆင့်သော ဝန်ဆောင်များနှင့် ဝိနည်းဓိုရ် များ၊ ဩဝါဒါစရိယ ဆရာတော်များသည် သက်တမ်းသတ်မှတ် ချက်မရှိသဖြင့် အသစ်ပြောင်းလဲရောက်ရှိသော ပဉ္စမသက်တမ်း တွင် ထပ်မံအတည်ပြုရန် မလိုတော့ပါကြောင်း။
သို့ဖြစ်ရာ ယခင်က ဆောင်ရွက်ခဲ့သော နည်းလမ်းများနှင့် ၂၀၁၄ - ခုနှစ်က ပြဋ္ဌာန်းခဲ့သော လုပ်ထုံးလုပ် နည်းအသစ်များ နှီးနှော၍ သေသပ်ကျနစွာ အဆုံးအဖြတ်ပြုနိုင်ရန် လိုအပ် ကြောင်း လျှောက်ထား အပ်ပါကြောင်း။
တစ်တပ်တစ်အား အားဖြည့်ဆောင်ရွက်

တတိယအချက်အနေဖြင့် သီလရှင်အဖွဲ့အစည်းကိစ္စ လျှောက်ထားလိုပါကြောင်း၊ သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ၄၇- ပါးစုံညီ သတ္တရသမအစည်းအဝေးက သီလရှင်အမှုဆောင် အဖွဲ့သစ်များ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပါ ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ညွှန်ကြားပြီး ဖြစ်ပါကြောင်း၊ သို့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ရွေး ချယ်ဖွဲ့စည်းတင်ပြလာခြင်း မရှိသေးသဖြင့် ထပ်မံနှိုးဆော် သင့်ပါကြောင်း၊ ရွေးချယ်ဖွဲ့စည်းတင်ပြလာသည့် အဖွဲ့များကိုလည်း အတည်ပြုပြန်တမ်း ထုတ်ပြန်၍ သီလရှင် စည်းမျဉ်း လုပ်ထုံးလုပ်နည်းက ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်စေသင့်ပါကြောင်း။ သို့မှသာ ဘိက္ခုနီသာသနာ အဆက်ပြတ်ခဲ့သောနေရာ၌ သာသနာ့နွယ်ဝင် သီလရှင်များ အစားထိုး၍ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး လုပ်ငန်းများကို တစ်တပ်တစ်အား အားဖြည့်ဆောင်ရွက်နိုင်သော သီလရှင်၊ သိက္ခာရှင် အလုပ်အမှုဆောင် အဖွဲ့အစည်းများ ၏ အင်အားကို ရယူပြီးဖြစ်မည် ဖြစ်ပါကြောင်း။

လုပ်ငန်းရည်မှန်းချက် မျက်ခြည်မပြတ်ရန်လို
စတုတ္ထအချက်အနေဖြင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က ရေးဆွဲပြဋ္ဌာန်းသော စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ရေးဆွဲ၍ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့က ပြဋ္ဌာန်းသော စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း၊ လက်စွဲများ၏ ရည်ရွယ်ချက်များ မျက်ခြည်မပြတ်ရေးပင် ဖြစ်ပါသည်။ ၁၉၈၀ ပြည့်နှစ် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးကြီးအပြီးတွင် နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့စသော သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ရာ နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးအဖွဲ့ ဖြစ်သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့တို့က အခါအားလျော်စွာ ပြင်ဆင်ရေးဆွဲသည့် စည်းမျဉ်း၊ လုပ်ထုံးလုပ် နည်းလက်စွဲကျမ်းများ၌ ခိုင်မာသည့် အခြေခံမူများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ သတ်မှတ်ပြဋ္ဌာန်းခဲ့ ပါကြောင်း၊ လုပ်ငန်းတာဝန်များ လုပ်ဆောင်ရာ၌ လုပ်ငန်း ရည်မှန်းချက် မျက်ခြည်မပြတ်ရန် လိုအပ်ပါကြောင်း၊ ရည်မှန်းချက် မျက်ခြည်ပြတ်ပါက အချိန်ကုန်၊ အင်အားကုန်၊ ပင်ပန်းပြီးအကျိုးမဲ့၊ အချည်းနှီးဖြစ်နိုင်ပါကြောင်း။ သို့ဖြစ်၍ အကျိုးမဲ့အလဟဿ၊ အဟောသိကံ မဖြစ်စေရေး ဂရုပြုကြရမည် ဖြစ်ပါကြောင်း။
ပြဋ္ဌာန်းခဲ့သော စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများ၏ ရည်မှန်းချက်အတိုင်း ဆောင်ရွက်ကြရေး နိုင်ငံတော်သံဃမ ဟာနာယကအဖွဲ့ ဦးဆောင်သော အဖွဲ့အစည်းအသီးသီး အနေဖြင့် အထူးဂရုပြု စေလိုကြောင်း တိုက်တွန်းလျှောက်ထား အပ်ပါကြောင်း ဩဝါဒကထာ မြွက်ကြားသည်။
သံဃာစာရင်း အမှန်ရရှိရန်လို
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စများကို ဆောင်ရွက်ရာ၌ ရဟန်းကောင်း၊ ရဟန်းမြတ်၊ ရဟန်းစစ်၊ ရဟန်းမှန်များနှင့် အသိအမှတ်ပြု သာသနာဝင်စိစစ်ရေးကတ်ပြားပင်မရှိသော ရဟန်းတု၊ ရဟန်းယောင်များ၊ သာသနာဝင်စိစစ်ရေးကတ်ပြား ရှိသော်လည်း သာသနာကို အကာအကွယ်ပြုလျက် လုပ်ကိုင် စားသောက်နေသော အဓမ္မဝါဒီများ မစင်ကြယ်သော အလဇ္ဇီ၊ ဒုဿီလ၊ အသုဒ္ဒပုဂ္ဂိုလ်များကို ခွဲခြား အရေးယူနိုင်ရန်အတွက် ကျောင်းနေဝါဆိုသံဃာစာရင်း အမှန်ရရှိရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယက ညွှန်ကြားလွှာအမှတ် (၂၅) တွင် ဝါဆိုသံဃာစာရင်းကို မြို့နယ်သံဃ မဟာနာယကအဖွဲ့များ (ဂိုဏ်းအားလုံး)သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာ အမှတ် (၂၂) အရ ကျောင်းအင်္ဂါနှင့် ညီညွတ် သော ဘုန်းတော်ကြီးကျောင်းများကိုသာ ကျောင်းစာရင်း ရေးသွင်းစေပြီး သံဃနာယက လက်စွဲအခန်း (၉)၊ အပိုဒ် ၁၈၅ အရ၊ ရပ်ကွက်/ ကျေးရွာအုပ်စု သံဃနာယကအဖွဲ့များ၏ ကန့်ကွက်ခြင်းမခံရသော သံဃာတော်များကိုသာ ဝါဆိုသံဃာ စာရင်းတွင် ထည့်သွင်းကောက်ယူရပါကြောင်း။
ဝါဆိုသံဃာစာရင်းအမှန်ရရှိခြင်းအားဖြင့် ပထမပြန်၊ ဓမ္မာ စရိယစာမေးပွဲဖြေဆိုရေးများ အပါအဝင် ပညာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ သာသနာတော်သန့်ရှင်းရေးအတွက် ဝိနိစ္ဆယရေးရာ လုပ်ငန်းများဆောင်ရွက်ရာ တွင်လည်းကောင်း များစွာသော အထောက်အပံ့များ ရရှိ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝါဆိုသံဃာစာရင်းများ ကောက်ယူရေးဆိုင်ရာ ညွှန်ကြားလွှာလုပ် ထုံးလုပ်နည်းများ ရှိပြီးဖြစ်သဖြင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့က လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရေး ထပ်မံညွှန်ကြားသင့် သည်ဟု လျှောက်ထားအပ်ပါကြောင်း။
ယခုအခါ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ မြို့နယ်အသီးသီးတွင် သမဏသာရုပ္ပဂုဏ်ကိုမဆောင် သည့် ကိုယ်တိုင်ကားမောင်းခြင်း၊ ကိုယ်တိုင်ဆိုင်ကယ်မောင်းခြင်း၊ ရထားဘူတာရုံ၊ အဝေးပြေးကားဂိတ်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် အချိန်အခါမဲ့ အလှူခံခြင်း တို့ကိုဣနြေ္ဒကင်းမဲ့စွာ ပြုလုပ်နေသော ရဟန်းသာမဏေ သီလရှင်များ တစ်စတစ်စ တိုးပွားလာနေသည်ကို ကြားသိနေရပါ ကြောင်း၊ အဆိုပါ ရဟန်းသာမဏေ၊ သီလရှင်များကို ကြိုတင်ဟန့်တား မပြုလုပ်နိုင်ပါက “အလဇ္ဇီတစ် ပါးသည် အလဇ္ဇီတစ်ရာကို ပြုနိုင်၏” ဟူသော အဋ္ဌကထာဆရာ၏ မိန့်မှာချက်နှင့်အညီ သမဏသာရုပ္ပဂုဏ်ကို မဆောင်သော ရဟန်းသာမဏေတစ်ပါးမှ သမဏသာရုပ္ပဂုဏ်ကို မဆောင်သော ပုဂ္ဂိုလ်အစုလိုက် အဆမတန် တိုးပွားများပြားလာနိုင်ပါကြောင်း၊ ထိုအခါ “အပ်ဖြင့်ထွင်းရမည့်အရာကို ပုဆိန်ဖြင့် ပေါက်ရသကဲ့သို့” ဖြစ်လာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ သမဏသာရုပ္ပဂုဏ်ကို မဆောင်သည့် စောင့်စည်းမှုကင်းမဲ့သော ရဟန်းသာမဏေ များကို ဓမ္မဝိနယဥပဒေများနှင့်အညီ အရှိန်အဟုန်မြှင့်၍ ကြပ်မတ်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယက အဖွဲ့များထံ ထပ်မံ ညွှန်ကြားသင့်ပါကြောင်း။
အားပေးချီးမြှောက်ထိုက်
မြန်မာနိုင်ငံတစ်ဝန်း မြို့အနှံ့၊ ရွာအနှံ့ တရားပွဲများကျင်းပပြီး တရားဟောဓမ္မကထိကများက တရားရေအေး အမြိုက်ဆေး တိုက်ကျွေးလျက်ရှိရာ အလွန်ပင် ဝမ်းမြောက်ဖွယ်ဖြစ်ပြီး အားပေးချီးမြှောက်ထိုက်ပါကြောင်း၊ တစ်ချိန်တည်းတွင် ဗုဒ္ဓဘုရားရှင်၏ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများကို ဟောကြားပြသရာ အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့အနေဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့များအနေဖြင့် လည်းကောင်း၊ ရိပ်သာတရားပြဆရာတော်များ၊ တရားဟော ဓမ္မကထိကဆရာတော်များအား အချိန်အခါအားလျော်စွာတွေ့ ဆုံမှုများပြုလုပ်ပြီး လမ်းညွှန်မှာ ကြားခြင်းများ ဆောင်ရွက် သင့်ပါကြောင်း ကိုလည်း အကြံပြု လျှောက်ထားလိုပါကြောင်း။
ပဋိပက္ခအများအပြားကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄ အရ ဘာသာအသီးသီးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေး ထားသည်နှင့် အညီ နိုင်ငံအတွင်း ဘာသာရေးကို အခြေခံသည့် ပဋိပက္ခများ မဖြစ်ပွားရန် နှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ရရှိရန်မှာ အလွန်အရေးကြီးပါကြောင်း၊ ၈-၈-၂၀၁၈ ရက်နေ့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ကို ပြင်ဆင် ဖွဲ့စည်းခဲ့ပါကြောင်း၊ တိုင်းဒေသ ကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၁၂၉ ဖွဲ့ကိုလည်း ၂၀၁၀ ပြည့်နှစ်ကာလများကတည်းက ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့များက တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဖြစ်ပွားခဲ့သော ဘာသာမတူသောသူများ၏ လူမှုရေးကို အခြေခံသည့် အငြင်းပွားမှုများ၊ ပဋိပက္ခအများအပြားကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် အကျယ်အကျယ်မငြိမ်းဖွယ်များ မဖြစ်ပွား ခဲ့ခြင်းဖြစ်ပါကြောင်း။
အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများဖွင့်
ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ထုံးစံများကို သိရှိလိုက်နာပြီး ကိုယ်ကျင့်သီလ ပိုမိုစောင့် ထိန်းလာနိုင်စေ ရန်အတွက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်နှင့် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းကြီး အနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့တွင် လည်း အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း များ ကို ဖွင့်လှစ်ခဲ့သည်မှာ အကြိမ်ပေါင်း ၁၇၈၀ ကြိမ်၊ သင်တန်းသား၊ သင်တန်းသူ ၁၃၃၀၀၀၀ ကျော်ရှိခဲ့ပြီး ဖြစ်ပါကြောင်း။ သာသနာတော်ကြီးသန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဟူသော မဏ္ဍိုင် သုံးရပ်ကို အခြေခံကာ ဓမ္မဝိနယနှင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ကြီး၏ ဦးဆောင်လမ်းညွှန်မှု၊ တိုင်းဒေသကြီး၊ ပြည်နယ် သံဃနာယကအဖွဲ့များ၏ ကြီးကြပ်မှု၊ မြို့နယ်၊ ရပ်၊ ကျေးသံဃနာယကအဖွဲ့များ၏ အနီးကပ်ထိန်းကျောင်း ဆောင်ရွက်မှုတို့ဖြင့် ဟန်ချက်ညီစွာ ဆောင်ရွက် ပါလျက် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးသည် ပြည်တွင်းသာမက ပြည်ပသို့တိုင် ထွန်းကားပြန့်ပွား မည်မှာ မလွဲဧကန် ဖြစ်ပါ ကြောင်း လျှောက်ထားသည်။
ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (တတိယအဖွဲ့ ခွဲ)၏ ဆဋ္ဌအကြိမ် တာဝန်ကျရာကာလ အတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို တာဝန်ကျ အဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာစာရာဘိဝံသက လည်းကောင်း၊ ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းနှင့် သာသနာ့ရေးရာ ကိစ္စများ၊ ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ ပညာရေးဆိုင်ရာကိစ္စများကို အဖွဲ့ဝင် ဆရာတော်ကြီးများကလည်းကောင်း ကဏ္ဍအလိုက်တင်သွင်း လျှောက်ထားပြီး တာဝန်ကျအဖွဲ့ ခွဲဆရာတော်ကြီး များက ဝေဖန်ဆွေးနွေးတော်မူကြကာ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။
ဆက်ကပ်လှူဒါန်း
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး များအား နေ့ဆွမ်းအလှူရှင်များအဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)နှင့် ဒေါ် ကြိုင်ကြိုင်မိသားစု၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း)နှင့် ဒေါ် မြမြစန်း မိသားစု၊ မဟာသရေစည်သူ (ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး)နှင့် ဒေါ်ခင်သန်းနွဲ့ မိသားစု၊ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့် ဒေါ်ခင်ခင်ဝင်းမိသားစု၊ မဟာ သရေစည်သူ (ဗိုလ်ချုပ်ကြီးစိုးဝင်း) နှင့် ဒေါ်သန်းသန်းနွဲ့ မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး (ငြိမ်း)နှင့် (ဒေါ် ကြည်ကြည်အုန်း) မိသားစု၊ ဇေယျကျော်ထင် ဗိုလ်ချုပ်တင်ငွေ(ငြိမ်း)နှင့် ဒေါ်နန်းခင် လှဝင်းမိသားစု၊ မဟာ သရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း(ငြိမ်း)နှင့် ဒေါ်မာလာ တင့်မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ် ကြီးအောင်ထွေး(ငြိမ်း)နှင့် ဒေါ်ခင်နှင်းဝေမိသားစု၊ မဟာ သရေစည်သူ (ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ဘို-ငြိမ်း)နှင့် ဒေါ်ခင် လေးမြင့်မိသားစု၊ မဟာ သရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း (ငြိမ်း)နှင့်(ဒေါ်စမ်းစမ်းရီ)မိသားစု၊ မဟာသရေ စည်သူ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း)နှင့် ဒေါက်တာ တင်လင်းမြင့်မိသားစုတို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အရုဏ်ဆွမ်းဆက်ကပ်
အရုဏ်ဆွမ်းအလှူရှင်အဖြစ် လမ်းမတော်မြို့နယ် ၁၅ လမ်းနေ ကွယ်လွန်သူ ဦးဝင်းလှိုင်အား ရည်စူး၍ ဒေါ်ဝင်းဝင်းအေး မိသားစုတို့က ဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်

No comments:

Post a Comment