Saturday, December 1, 2018

အလုပ်သမားရေးရာ အငြင်းပွားမှုများဖြေရှင်းရေး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေး



 
မြန်မာနိုင်ငံသည် ဖွံ့ ဖြိုးဆဲနိုင်ငံဖြစ်ပြီး ယခုအခါဒီမိုကရေစီ နိုင်ငံသို့ အသွင်ကူးပြောင်းလျက်ရှိရာ နိုင်ငံတော်၏ လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဝန်ကြီး ဌာန(၂၅) ခု ဖွဲ့စည်း၍ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ နိုင်ငံ တော်သည် စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးကိုလည်း အရှိန် အဟုန်ဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းသည် နိုင်ငံတော် ၏ စီးပွားရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရန် များစွာအထောက်အကူ ပြုလျက်ရှိသည်ကို တွေ့ မြင်ရပါသည်။


ကဏ္ဍအလိုက် ဖွံ့ ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းခြင်း၊ ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်ခြင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေ သည်ကိုလည်း မြင်တွေ့နေရပါသည်။ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်လည်း အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်းသော ကိစ္စရပ် များအပေါ် စိစစ်သုံးသပ်၍ လိုအပ်သည့်ဥပဒေများ ရေးဆွဲ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းများဆောင်ရွက်လျက်ရှိပြီး ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ဆွေးနွေး၍ ပြင်ဆင်အတည်ပြုခြင်းများကို အဆင့်ဆင့်ဆောင် ရွက်လျက်ရှိသည်ကို တွေ့ မြင်နေရပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်း ရေးဥပဒေပါကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် ယခင်ဗဟိုဝါဏိဇ္ဇပဋိပက္ခမှုကော်မတီကို ဖျက်သိမ်း၍ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနအား ၁-၃-၂၀၁၂ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

အလုပ်ရှင်၊ အလုပ်သမားအကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကိုဖြေရှင်းနိုင် ရန်အတွက် ပြည်ထောင်စု လွှတ်တော်သည် အလုပ်သမားများ၏အခွင့်အရေးကို ကာ ကွယ်စောင့်ရှောက်ရန် အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာ ယာစေရန်လည်းကောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားအငြင်း ပွားမှုအား တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာ ရရှိခံစားနိုင် စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် အလုပ်သမားရေးရာအငြင်း ပွားမှုဖြေရှင်းရေးဥပဒေ (၂၀၁၂ ခုနှစ်)ကို ပြဋ္ဌာန်းခဲ့ပြီး အလုပ် သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ စည်းကြပ်ဆောင်ရွက် လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ယခင်က The Trade Dispute Act,1929 (၁၉၂၉ ခုနှစ် ဝါဏိဇ္ဇပဋိပက္ခအက်ဥပဒေ)ဖြင့် အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ပေးခဲ့သော်လည်း ယနေ့ပြောင်းလဲလာ သော အလုပ်သမားရေးရာအခြေအနေများ၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ဥပဒေစံနှုန်းများ၊ နိုင်ငံ တော်၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမူဝါဒများနှင့် အညီ ကျင့်သုံးနိုင်စေရန်အတွက် အလုပ်သမားရေးရာအငြင်း ပွားမှုဖြေရှင်းရေးဥပဒေကို အသစ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

အငြင်းပွားမှုဖြေရှင်းပုံအဆင့်ဆင့်

၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ အလုပ်ရှင်နှင့်အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပွားပါက ဖြေရှင်းနိုင်မည့် နည်းလမ်းများကို လေ့လာရာလုပ်ငန်းစဉ်အဆင့် (၄) ဆင့်ဖြင့် အောက်ဖော်ပြပါအတိုင်းဖြေရှင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်-

(က) အလုပ်သမားရေးရာအငြင်းပွားမှုများကို စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအဆင့်၌ ဆွေးနွေးညှိနှိုင်းနိုင်ရန်အလုပ်သမား ၃၀ နှင့်အထက်ရှိသော လုပ်ငန်းများတွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကိုဥပဒေနှင့်အညီ ဖွဲ့စည်း၍ ဆွေးနွေးညှိနှိုင်းဖြေရှင်းခြင်း၊

(ခ) ၎င်းအဆင့်တွင် ပြေငြိမ်းမှုမရရှိပါက အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး သက်ဆိုင်ရာ အလုပ်သမားရုံး တာဝန်ခံအရာ ရှိများက အတွင်းရေးမှူးအဖြစ်ပါဝင်သော သုံးပွင့်ဆိုင်စနစ်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဝင်(၁၁)ဦးပါ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဖြင့် ညှိနှိုင်းဖျန်ဖြေခြင်း၊

(ဂ) ၎င်းအဆင့်တွင် ပြေငြိမ်းမှုမရရှိပါက တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ခံအရာရှိများက အတွင်းရေး မှူး အဖြစ် ပါဝင်သော အဖွဲ့ဝင် ၁၁ ဦးပါ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ခုံသမာဓိအဖွဲ့မှစစ်ဆေး၍ ဆုံးဖြတ်ချက်ချမှတ်ပေးခြင်း၊

(ဃ) ၎င်းအဖွဲ့၏ ဆုံးဖြတ်ချက်အား ကျေနပ်မှုမရှိသူသည် ဤဥပဒေအရ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် အဖွဲ့ဝင် ၁၅ ဦးပါ ခုံသမာဓိကောင်စီသို့ လျှောက်ထားခြင်း၊ အထက်ပါအခြေအနေများတွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)သည် အလုပ်ရှင်၊ အလုပ် သမားအကြားဖြစ်ပွားသည့် အငြင်းပွားမှုများကို လုပ်ငန်းခွင် အတွင်း ကနဦးဖြေရှင်းသည့် Bipartite အဆင့်ဖြစ်ပြီး မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်ခုံသမာဓိအဖွဲ့ နှင့် ခုံသမာဓိကောင်စီသည် အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ် သမားကိုယ်စားလှယ်၊ အစိုးရကိုယ်စားလှယ်များပါဝင်သည့် Tripartite အဖွဲ့ ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဦးစီးဌာနမှအရာထမ်းများသည် ညိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်ခုံသမာဓိအဖွဲ့တွင် အတွင်းရေးမှူး တာဝန်ကိုထမ်းဆောင်၍ အငြင်းပွားမှုများ ဖျန်ဖြေစစ်ဆေး ရာတွင် ဥပဒေနှင့်အညီဖြစ်စေရေးအတွက် အထောက်အကူပြု ခြင်းဖြင့် အငြင်းပွားမှုလုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်ရွက်ပေးနေသည်ကို မြင်တွေ့နေရပါသည်။

ဖြေရှင်းဆောင်ရွက်လျက်ရှိသောအခြေအနေများ

ထို့ပြင် လုပ်ငန်းခွင်အတွင်း အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ဆက်ဆံမှုအားကောင်းစေရေး၊ အလုပ်လုပ်ကိုင်မှုနှင့် စည်းမျဉ်း၊ စည်းကမ်းများ ဆွေးနွေးညှိနှိုင်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းရေးကော်မတီတွင် ဆွေးနွေးညှိနှိုင်းခြင်းသည် အငြင်းပွားမှုလျော့နည်းစေရေးအတွက် အခြေခံကျသည့် အဖွဲ့ အစည်းအဖြစ် ရပ်တည်လျက်ရှိကြောင်း သုံးသပ်ရပါသည်။ သို့ရာတွင် ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွင် အဆိုပါအဖွဲ့အစည်း ဖွဲ့စည်းခြင်းမရှိပါ က အရေးယူဆောင်ရွက်ရမည့် ပြစ်ဒဏ်များမပါရှိသဖြင့် ဖွဲ့စည်းမှုအားကောင်းလာစေရေးအတွက် ဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ အလုပ်သမားရေးရာ ဆက်ဆံ ရေးဦးစီးဌာန စည်းကြပ်နယ်မြေအတွင်း၌ လုပ်ငန်းညှိနှိုင်းရေး ကော်မတီများကို စက်ရုံ၊ အလုပ်ရုံ အရေအတွက် ၈၈၃ ရုံ၌ ဖွဲ့စည်းနိုင်သည်အထိ တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး ဆက်လက်ဖွဲ့စည်းနိုင်ရေးအတွက် အသိပညာပေးမှုများ လုပ် ဆောင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များအနေဖြင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ် အောက်တိုဘာလအထိ ၇၃၇၄ မှု လက်ခံရရှိပြီး ၆၄၆၂ မှုကို ပြေလည်မှုရရန် ဖြေရှင်းနိုင်ခဲ့သောကြောင့် အလုပ်သမား ရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ အငြင်းပွားမှု များကို ၈၈ ရာခိုင်နှုန်းအထိ အောင်မြင်စွာ ဖြေရှင်းဆုံးဖြတ် ပေးလျက်ရှိကြောင်း တွေ့ရှိရပြီးညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ အနေဖြင့် ဒီမိုကရေစီအစိုးရသစ်တာဝန်ယူသည့် ၂၀၁၆ ခုနှစ် မှ ၂၀၁၈ ခုနှစ်အထိကာလတွင် လက်ခံရရှိသည့်အမှုပေါင်း၃၆၃၇ မှု၌ ၃၁၄၈ မှု ဖြေရှင်းနိုင်ခဲ့သောကြောင့် အစိုးရသစ်လက်ထက်တွင် ၈၇ ရာခိုင်နှုန်းအထိ ဖြေရှင်းနိုင်ခဲ့ကြောင်းတွေ့ရှိရပါသည်။

အလားတူ အလုပ်ရှင်၊ အလုပ်သမားများမှ အလုပ်သမား ရေးရာဥပဒေများ ပိုမိုသိရှိနားလည်ခြင်းဖြင့် ၎င်းတို့၏ အခွင့် အရေးများ၊ ရပိုင်ခွင့်များကို ပိုမိုနားလည်နိုင်ခြင်း၊ အငြင်းပွားမှု လျော့ကျနိုင်ခြင်း၊ လုပ်ငန်းခွင်အေးချမ်းသာယာမှုရရှိစေနိုင် ခြင်း ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အလုပ်သမားရုံးများမှ တာဝန်ခံအရာရှိများက ပေါင်းစပ်အဖွဲ့ ဖြင့် အလုပ်သမားရေးရာဥပဒေများ အသိပညာပေးဆွေးနွေးပွဲ များကို စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ သင်တန်းကျောင်းများ တွင် ၂၀၁၇ ခုနှစ် မေလမှစ၍ လစဉ်ဆောင်ရွက်လျက် ရှိရာ ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ စက်ရုံ၊ အလုပ်ရုံ ၁၀၄၄ ရုံ၊ ဆိုင်၊ အလုပ်ဌာန ၄၄၈ ရုံ၊ သင်တန်းကျောင်း ၁၁ ကျောင်း တို့ တွင် အလုပ်ရှင်၊ အလုပ်သမား ၂၃၁၃၄ ဦးတို့အား အသိပညာ ပေးဆွေးနွေးခဲ့မှုများ ဆောင်ရွက်ခဲ့ကြောင်း လေ့လာသိရှိရပါ သည်။

ပဋိပက္ခအသွင်ဆောင်သော အငြင်းပွားမှုများနှင့် ဆောင်ရွက်ပေးမှုများ

ထို့ပြင် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရာတွင် ဥပဒေပါပြဋ္ဌာန်းချက် များနှင့်အညီ သာ ဖြေရှင်းဆောင်ရွက်ပေး ရသဖြင့် အချို့အငြင်းပွားမှုများတွင် အလုပ်သမားများတောင်း ဆိုမှု၊ တောင်းဆိုချက်များအား အလုပ်ရှင်က လိုက်လျောမပေး နိုင်ခြင်း၊ အလုပ်သမား အင်အားလျှော့ချ သည့် ကိစ္စများ၊ အလုပ်ရှင်က အလုပ်မှထုတ်ပယ်သည့် ကိစ္စရပ်များကြောင့် ပဋိပက္ခအသွင်ဆောင်သော အငြင်းပွားမှုများ ဖြစ်ပွားလျက် ရှိကြောင်း တွေ့ရှိရပါသည်။ ၎င်းအငြင်းပွားမှုများကို ဝန်ကြီး ဌာန၏ မြို့နယ်အဆင့် တာဝန်ခံအရာရှိနှင့် သက်ဆိုင်ရာညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့များဖြင့် ဖြေရှင်းပေးသည်သာမက အလုပ် သမားများက ဥပဒေပါရပိုင်ခွင့်ထက် ကျော်လွန်တောင်းဆို သည့်ကိစ္စများတွင် အလုပ်ရှင်က မလိုက်လျောနိုင်သော ကြောင့် ပြေငြိမ်းမှုမရနိုင်သည့် အငြင်းပွားမှုများကိုပါ ဦးစီး ဌာန အရာထမ်းများမှ အလုပ်သမားရေးရာအငြင်းပွားမှုဖြေ ရှင်းရေး ယန္တရား နှင့်အညီ အားသွန်ခွန်စိုက် ဖြေရှင်းဆောင်ရွက် လျက်ရှိပါသည်။ အလားတူ ဖုယွင်အထည်ချုပ်စက်ရုံအငြင်း ပွားမှုများနှင့် သရပါဟိုတယ်အငြင်းပွားမှုများကဲ့သို့သော မြို့နယ်အဆင့်ဖြင့် ပြေလည်မှုမရသော ကိစ္စရပ်များတွင် ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများကိုယ်တိုင် ပြဿနာ များ အမြန်ဆုံးပြေလည်ရန် ရည်ရွယ်၍ မြေပြင်သို့ အကြိမ်ကြိမ် ကွင်းဆင်း၍ အငြင်းပွားမှုများကို သီးသန့်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်များလည်းရှိကြောင်း တွေ့ရှိရပါသည်။

အလုပ်ရှင်၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်တာဝန်များ

ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ၏ ဥပဒေပါအခွင့် အရေးဖြစ်သည့် လုပ်ခလစာ၊ အလုပ်ချိန်၊ နားရက်၊ အလုပ် ပိတ်ရက်၊ ခွင့်ခံစားခွင့်များ၊ အချိန်ပိုလုပ်ကိုင်ခြင်း၊ ဆေးဝါး ကုသခြင်းဆိုင်ရာ ကိစ္စရပ်များကိုအပြည့်အဝရရှိရန် အကာ အကွယ်ပေး၍ရနိုင်သော်လည်း အလုပ်ထုတ်ပယ်ခြင်း၊ လုပ် သားအင်အားလျှော့ချခြင်း စသည့်ကိစ္စရပ်များသည် တစ်ဦး ချင်း၏ ရပိုင်ခွင့်ကိစ္စရပ်များဖြစ်၍ သက်ဆိုင်ရာ အလုပ်ရှင်၏ စီမံခန့်ခွဲမှုနည်းလမ်းအရသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

အလုပ်ရှင်များအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေများ ကို လိုက်နာခြင်း၊ အလုပ်သမား အဖွဲ့အစည်းဝင်ဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခြင်း၊ အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့်များ နှင့်ပတ်သက်၍ မိမိတို့အလုပ်သမားများအား ပွင့်လင်းစွာအသိ ပေးခြင်း၊ အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့်များကို အပြည့် အဝခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးရန်လိုခြင်း၊ လုပ်ငန်း ခွင်စည်းမျဉ်းစည်းကမ်းများ ချမှတ်သည့်အခါတွင်လည်း နှစ်ဖက်ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခြင်း၊ လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ခြင်းများကို လုပ်ဆောင်ပေးရန် တာဝန်ရှိပါသည်။ ထို့ပြင် အလုပ်ရှင်များ အနေဖြင့် အလုပ်ခန့်အပ်ရာတွင် အလလခ (ပုံစံ-၂) အလုပ် သမားမှတ်ပုံတင်ကတ်ပြားနှင့် အလလခ (ပုံစံ-၇) အလုပ်ခန့် ထားရေးကတ်ပြားများ ပြည့်စုံစွာပါရှိမှသာ အလုပ်ခန့်ထားရန် ဆောင်ရွက်သင့်ကြောင်း သုံးသပ်ရပါသည်။

အလုပ်သမားများအနေဖြင့် မိမိတို့၏ ဥပဒေပါအခွင့်အရေး များကို အပြည့်အဝခံစားပိုင် ခွင့်ရှိပြီး ခံစားခွင့်များမရရှိပါက ဥပဒေနှင့်အညီ တောင်းဆိုနိုင်သကဲ့သို့ အလုပ်ရှင်များအနေ ဖြင့်လည်း အလုပ်ခန့်အပ်ခြင်း၊ လုပ်သားအင်အား လျှော့ချ ခြင်းကဲ့သို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ အလုပ်ရှင်မှ ခန့် မှန်းတွက်ချက် ဆောင်ရွက်ခွင့်ရှိရမည်ဖြစ်ပါသည်။ ဝန်ကြီး ဌာနမှ တာဝန်ရှိသူများအနေဖြင့် အလုပ်သမားရေးရာအငြင်း ပွားမှုများကို ညှိနှိုင်းဖြေရှင်းဆုံးဖြတ်ပေးသော်လည်း အလုပ် ရှင်၏စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် လုပ်သားအင်အားတိုးခြင်း၊ လျှော့ချခြင်းကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိ ကြောင်း တွေ့ရှိရပါသည်။ အလုပ်ရှင်များ၏ လုပ်ငန်းလိုအပ် ချက်အရ လုပ်သားအင်အားလျှော့ချသည့်ကိစ္စရပ်များသည် ၎င်းတို့၏ စီမံခန့်ခွဲပိုင်ခွင့်ဖြစ်၍ ဝန်ကြီးဌာနမှ ဝင်ရောက်စွက် ဖက်၍မရဘဲ ထိုသို့အင်အားလျှော့ခံရပါက အလုပ်သမားများ ၏ ဥပဒေနှင့်အညီ ရထိုက်ခွင့်ရှိသော အလုပ်ရပ်စဲမှုနစ်နာ ကြေးပေးအပ်ရမည့် ရပိုင်ခွင့်အခွင့်အရေးကို သိရှိစေရန်နှင့် ဥပဒေနှင့်အညီဖြစ်စေရန် နည်းပေးညွှန်ကြားရမည် ဖြစ်ပါ သည်။

နစ်နာကြေးပေးချေနိုင်သည့်နည်းလမ်းများ

အလုပ်မှထုတ်ပယ်ခြင်း၊ အင်အားလျှော့ချသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ နစ်နာကြေးပေးအပ်ရမည့် ပြဋ္ဌာန်းချက်များကို လေ့လာရာ- (က) အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ ဖြိုးတိုးတက်ရေးဥပဒေ ၅(ဃ)အရ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီ ချက်အရ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးဆုံးခြင်း၊ မမျှော်လင့်သောအကြောင်းကြောင့် လုပ်ငန်းတစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသ ကိုဖြစ်စေရပ်စဲခြင်းနှင့် အခြား အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်စဲရန် ကိစ္စပေါ်ပေါက် လာလျှင်သော်လည်းကောင်း၊
(ခ) အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒေ ၃၅ တွင် အလုပ်ရှင်က လုပ်ငန်းတစ်ခုခုကို ဆက်လက်လည်ပတ်လုပ်ကိုင်နိုင်ခြင်းမရှိသဖြင့် လုပ်ငန်းရပ်ဆိုင်းခြင်း၊ အလုပ်သမားအားအကြောင်းမဲ့အလုပ်ထုတ်ခြင်းကိစ္စပေါ်ပေါက်လာလျှင်သော် rလည်းကောင်း ဥပဒေနှင့်အညီနစ်နာကြေးပေးချေရမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

သို့ရာတွင် အလုပ်ရှင်များအနေဖြင့် မမျှော်လင့်သောစီးပွားရေးအခြေအနေကြောင့် လုပ်သားအင်အားလျှော့ချသည့်ကိစ္စရပ်များတွင် မည်သို့မည်ပုံ လုပ်သားအင်အားလျှော့ချမည်ဆိုသည့် မူတစ်ခုချမှတ်နိုင်ရန် အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် ဆွေးနွေညှိနှိုင်းသင့်ပြီး လုပ်ငန်းအခြေအနေအရလုပ်သားအင်အားလျှော့ချလိုပါက အဆိုပါမူနှင့်အညီ လုပ်ဆောင်ခြင်းဖြင့် အငြင်းပွားမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်းသုံးသပ်တွေ့ရှိရပါသည်။

ဆန္ဒပြမှု/သပိတ်မှောက်မှုများ

အလုပ်သမားများအနေဖြင့် right to strike လုပ်ဆောင်ခွင့်ရှိသော်လည်း ဥပဒေနှင့်အညီ ဆန္ဒပြတောင်းဆိုရန် လိုအပ် ပါသည်။ စက်ရုံပြင်ပတွင် ဖြစ်ပွားသော သပိတ်စခန်းဖွင့်လှစ် မှုများ၊ ဆန္ဒပြမှုများသည် အလုပ်သမားဥပဒေ လုပ်ထုံးလုပ် နည်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရသာ ခွင့်ပြု ဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိရပါသည်။ ထို့ပြင် ဥပဒေ နှင့်မညီသော သပိတ်မှောက်ဆန္ဒပြတောင်းဆိုမှုများကိုဖြေရှင်းရန်မှာ အလုပ်သမားအရာရှိများတွင် လုပ်ပိုင်ခွင့် အာဏာအပ်နှင်းထားခြင်းမရှိကြောင်းလည်း လေ့လာသိရှိရပါသည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်ရတနာ



No comments:

Post a Comment