တန်ဆောင်မုန်းလပြည့်ကျော်
၁ဝ ရက်နေ့သည် မြန်မာတစ်မျိုးသားလုံး၏ မမေ့မပျောက်နိုင်သော၊ ဂုဏ်ယူမြတ်နိုးဖွယ် အမျိုးသားအောင်ပွဲနေ့
ဖြစ်ပေသည်။ နှစ်စဉ်နှစ်တိုင်း ဤနေ့၊ ဤရက်၊ ဤအချိန်အခါတွင် အမျိုးသားအောင်ပွဲနေ့၏ ဂုဏ်အင်္ဂါများကို
ပြန်လည်တွေးဆ၊ သတိရကြပေသည်။
သပိတ်မှောက်၍
ထွက်လာသောနေ့
တန်ဆောင်မုန်းလပြည့်ကျော်
(လဆုတ်) ၁ဝ ရက်နေ့ သည် အမှန်အားဖြင့် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ ခရစ်နှစ် ၁၉၂ဝ ပြည့်နှစ်က
ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ် တို့မှ ကျောင်းသားကြီးများသည် အင်္ဂလိပ်အစိုးရက မြန်မာ
ပြည်နှင့် မြန်မာလူမျိုးများအတွက် တီထွင်လိုက်သည့် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေနှင့်
သူတို့၏ ကျောင်းများကို သပိတ်မှောက်၍ ထွက်လာသောနေ့ ဖြစ်ပေသည်။
မြန်မာပြည်အရပ်ရပ်ရှိ
နိုင်ငံရေးအသင်းများ၏ ဂျီ၊ စီ၊ ဘီ၊ အေ(ခေါ်) မြန်မာအသင်းချုပ်ကြီး၏ ၁၉၂၁ ခုနှစ် အောက်တို
ဘာလအတွင်း မန္တလေးမြို့၌ ကျင်းပသည့် ပြည်လုံးကျွတ် နှစ်ပတ်လည် ညီလာခံသဘင်ကြီးတွင် ထိုကောလိပ်
ကျောင်းသားကြီးများ သပိတ်မှောက်၍ ထွက်လာသောနေ့ကို မြန်မာအမျိုးသားအောင်ပွဲနေ့အဖြစ်
သတ်မှတ်ဆုံးဖြတ်ခဲ့ကြပေ သည်။
ပျင်းရိ၍
မဟုတ်
ထိုသို့
ကောလိပ်ကျောင်းသားကြီးများသည် ပညာဆက် လက်၍ သင်ကြားရန် ပျင်းရိ၍မဟုတ်။ မြန်မာပြည်နှင့်
မြန်မာ တစ်မျိုးသားလုံး၏ အနာဂတ်ကောင်းစားရေးအတွက် မိမိတို့ ပညာ သင်ကြားရေးနှင့် တကွ
နောင်ရေးကိုပါ အဆုံးရှုံး အနစ် နာခံကာ ထွက်လာကြခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများက
ဖော်ပြနေပေသည်။ ကောလိပ်ကျောင်းသားကြီးများက ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့်
သူတို့၏ ကျောင်းများကို ကောလိပ်ကျောင်းသားကြီးများက သပိတ် မှောက်၍ ထွက်လာကြခြင်းမှာ
အင်္ဂလိပ်အစိုးရက ဖိနှိပ်စီမံမှု အပေါ် ငုံ့၍ မခံ။ ထိထိရောက်ရောက် တုံ့ပြန်တိုက်ခိုက်ခြင်းဟု
ဆိုရပေမည်။
ချုပ်ချယ်မှု
၁၉၂ဝ
ပြည့်နှစ်အထိ မြန်မာနိုင်ငံတွင် တက္ကသိုလ်တစ်ခုမျှ မရှိသေးချေ။ ထိုအခါက ရန်ကုန်ကောလိပ်နှင့်
ယုဒသန် ကောလိပ်ကျောင်းများမှာ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံကျောင်းများ ဖြစ်ခဲ့ကြပေသည်။
ကာလကတ္တား တက္ကသိုလ်မှ ပြဋ္ဌာန်းသော ပညာရပ်များကိုသာ သင်ကြားရပြီး ထိုတက္ကသိုလ်မှစစ်သော
စာမေးပွဲများကိုသာ ဖြေဆိုခဲ့ကြရပေ သည်။ သို့ဖြင့် ၁၉၂ဝ ပြည့်နှစ်တွင် မြန်မာပြည်၌ သီးသန့်
တက္ကသိုလ်တစ်ခုထားရန် ယူဆကာ မြန်မာလူမျိုးများနှင့် သင့်တော်မည်ဟုဆိုသော တက္ကသိုလ်ဥပဒေကြမ်းကို
အင်္ဂလိပ် အစိုးရက ရေးဆွဲခဲ့ခြင်း ဖြစ်ပေသည်။
၁၉၂ဝ
ပြည့်နှစ် ဇွန်လတွင် တိုင်းပြည်မှ ဝေဖန်နိုင်ရန် ကြေညာခဲ့သည်။ ထိုဥပဒေကြမ်းသည် မြန်မာလူမျိုးများ
အထက်တန်းပညာသင်ကြားနိုင်ရေးကို များစွာချုပ်ချယ်ထား ကြောင်း တွေ့ရပေသည်။ ထို့ကြောင့်
တိုင်းပြည်အဝန်း မြို့လုံး ကျွတ် အစည်းအဝေးများ ပြုလုပ်ပြီး သတင်းစာများမှ ဝေဖန် ကန့်ကွက်ခြင်း
အပါအဝင် အမျိုးမျိုး ကန့်ကွက်ခဲ့ကြပေသည်။ သို့သော် အင်္ဂလိပ်အစိုးရက အနည်းငယ်မျှ မဖြုံ၊
ကန့်ကွက်ချက် များကို အရေးမယူ၊ လျစ်လျူရှုခဲ့ပေသည်။ ထိုဥပဒေကြမ်းကို ၁၉၂ဝ ပြည့်နှစ်
ဒီဇင်ဘာလ ၁ ရက်နေ့တွင် အတည်ပြုကြောင်း ကြေညာလေသည်။
ကျောင်းသားကြီး
-၁၁ ဦး
ရန်ကုန်တက္ကသိုလ်ဥပဒေကို
အတည်ပြုလိုက်သောအခါ ရန်ကုန်ကောလိပ်ကျောင်းသားကြီး ၁၁ ဦးတို့သည် ၁၉၂ဝ ပြည့် နှစ် ဒီဇင်ဘာ
၃ ရက်နေ့၌ ရွှေတိဂုံဘုရား ကုန်းတော်ပေါ်သို့ သွားရောက်ပြီး ဆွေးနွေးတိုင်ပင်မှု ပြုခဲ့ကြလေသည်။
ကျောင်းသားကြီး ၁၁ ဦးမှာ ကိုဘရှင်၊ ကိုညီဝိတ်၊ ကိုဖိုးကွန်း၊ ကိုဧ၊ ကိုလှတင်၊ ကိုဖေသိန်း၊
ကိုထွန်းဝင်း၊ ကိုဘရှင်၊ ကိုဘခင်၊ ကိုအောင်ဒင်နှင့် ကိုဘဦးတို့ ဖြစ်ပေသည်။
သပိတ်မှောက်ရသည့်
အကြောင်းရင်း
ထို့နောက်
ကျောင်းသားပေါင်းစုံ အစည်းအဝေးဆုံးဖြတ်ချက် များနှင့်အညီ ဆွေးနွေးညှိနှိုင်းခြင်း၊ သပိတ်မှောက်ခြင်းများ
ဆက်လက်ပြုလုပ်ကြပေသည်။ သပိတ်မှောက်ရသည့် အကြောင်းရင်းမှာ ရန်ကုန်တက္ကသိုလ်ဥပဒေတွင် မြန်မာလူမျိုး
များ အထက်တန်းပညာ မသင်ကြားနိုင်ရန် ချုပ်ချယ်ခြင်းကြောင့် ဖြစ်ပေသည်။ မြန်မာတွေ အထက်တန်းပညာမတတ်လျှင်
တိုးတက်မှုရှိမည်မဟုတ်။ သူတို့လက်အောက်တွင် သူတို့ လုပ်သရွေ့ ငုံ့ခံစေကာ ဖိနှိပ်သည့်
သဘောဖြစ်ပေသည်။ ကောလိပ် ကျောင်းသားကြီးများက သပိတ်မှောက်၍ ထွက်လာကြသကဲ့သို့ မြန်မာတစ်ပြည်လုံးရှိ
၇ တန်း၊ ၁ဝ တန်း ကျောင်းသားများကလည်း သူတို့၏ ကျောင်းများကို သပိတ်မှောက်၍ ထွက်လာကြပေသည်။
အမျိုးသားကျောင်းများတည်ထောင်ခြင်း
သပိတ်မှောက်
ကျောင်းသားများ၊ အထူးသဖြင့် ကျောင်းသားငယ်များ စာသင်မပျက်စေရန် တစ်တန်းမှ ၁ဝ တန်းအထိရှိသော
အမျိုးသားကျောင်းများကို တည်ထောင် ခဲ့ရပေသည်။ ထိုကျောင်းများ တည်ထောင်ဖွင့်လှစ်ခြင်းဖြင့်
အင်္ဂလိပ်အစိုးရက မြန်မာများ ပညာမတတ်အောင် ချုပ်ချယ်ခြင်း ကို တိုက်ဖျက်ရန် ရည်ရွယ်ပေသည်။
အမျိုးသားကျောင်းများ
တည်ထောင်ဖွင့်လှစ်ရာတွင် ကျောင်းသား ကျောင်းသူများ၏ သာမန်ပညာရေးကိုသာ အဓိကထားခဲ့သည်မဟုတ်။
အမျိုးသားကျောင်း တက်ရောက်ကြ သော ကျောင်းသား ကျောင်းသူများအား မျိုးချစ်စိတ်ဓာတ် သွင်းပေးပြီး
နယ်ချဲ့ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး အထိပါ ရည်ရွယ်ခဲ့ပေသည်။
၁၉၂၁
ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သော ကြေညာ ချက်တွင် ''ကျွ န်ုပ်တို့သည် မျိုးစေ့ချသောသူများဖြစ်သည်၊
(We are the Soweres) ''ဟု ခေါင်းတပ်ကာ ''အမျိုးသားပညာရေး ၏ နောက်ဆုံးရည်ရွယ်ချက်သည်
အမျိုးသားလွတ်မြောက်ရေး၊ ဝါ၊ မြန်မာလူမျိုးတို့ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးပင်တည်း''
ဟု ဖော်ပြကြေညာခဲ့ပေသည်။
ဤသို့
ရည်ရွယ်ကြေညာခဲ့သည်နှင့်အညီ အမျိုးသား ကျောင်းထွက် ကျောင်းသား ကျောင်းသူများ မည်မျှ
ဇာတိ သွေး ဇာတိမာန် တက်ကြွဆောင်ရွက်ခဲ့ပုံကို ရေနံချောင်းမြို့ အမျိုးသားကျောင်းထွက်
ဗိုလ်ချုပ်အောင်ဆန်းအား စံနမူနာ ထားသင့်လှပေသည်။
အကျိုးများပုံ
ကောလိပ်ကျောင်းသားများ
သပိတ်မှောက်ခြင်းနှင့် အမျိုးသားကျောင်းများ တည်ထောင်ခြင်းတို့သည် လွန်စွာ အကျိုးများလှပေသည်။
ကိန်းအောင်းနေသော မြန်မာများ၏ မျိုးချစ်စိတ်ဓာတ်သည် နိုးကြားပေါက်ဖွားခဲ့ခြင်း၊ ဒိုင်အာခီ
အုပ်ချုပ်ရေးမှ ဟုမ်းရူးကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုလာ ခြင်း၊ မြန်မာအား အသိအမှတ်ပြုလာခြင်း၊
အမျိုးသားကျောင်း များတွင် ဗုဒ္ဓဘာသာသင်ခန်းစာများ သင်ကြားခွင့်ရလာခြင်း၊ အမျိုးသားကျောင်းများမှ
မျိုးချစ်ခေါင်းဆောင်များ ထွက်ပေါ် လာခြင်း၊ နှစ်စဉ်နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့
ကျရောက် သည့်အခါတိုင်း သမိုင်းသက်သေများကို မမေ့မပျောက် အကျိုး ထူးများ ရရှိစေခြင်း၊
အမျိုးသားအောင်ပွဲနေ့ကို အခြေခံ၍ နောင်လာနောက်သားများသည် အမျိုးသားပညာရေး၏ အနှစ်သာရကို
သိရှိနားလည် ကျင့်သုံးနိုင်ခြင်းစသည့် အကျိုး တရားများ ပွားများရှင်သန် ထိန်းသိမ်းသင့်ကြပေသည်။
လက်ဆင့်ကမ်းအမွေ
ကျောင်းသားသပိတ်နှင့်
အမျိုးသားကျောင်းများမှ လက်ဆင့်ကမ်းအမွေများအဖြစ် ထပ်ဆင့်အမွေ ကမ်းလင့်ပေး သော တန်ဖိုးမဖြတ်နိုင်သည့်
ကဏ္ဍများ များပြားလှပေသည်။ မြန်မာလူငယ်လူရွယ်များကို ဇာတိသွေး ဇာတိမာန် ရှင်သန် တက်ကြွစေပေသည်။
ခေတ်မီတိုးတက်သော သိပ္ပံပညာ၊ ဝိဇ္ဇာ ပညာများကို ဆည်းပူးနိုင်ခွင့် ရရှိပေသည်။ နယ်ချဲ့ဆန့်ကျင်ရေး
စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များ ကိန်းဝပ်ရရှိစေပေသည်။ ထိုစဉ်က သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ကြီးများသည်
နောင်အခါ ဒို့ဗမာအစည်းအရုံးဝင်များအဖြစ် စွမ်းစွမ်း တမံ ပါရှိလာပုံများက သက်သေဖြစ်ပေသည်။
မျိုးချစ်လူငယ် များ၊ ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီတို့တွင် ပါဝင်လာခဲ့ပြီး
အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲစဉ်များ အထိ ပါဝင်ဆောင်ရွက်ခဲ့ကြသည်များမှာလည်း သမိုင်း
သက်သေ တည်ရှိနေပေသည်။
အမျိုးသားနေ့
ဒို့နေ့ ဒို့နေ့
''အမျိုးသားနေ့
ဒို့နေ့၊ ဒို့နေ့၊
-ကျွန်ပညာအလိုမရှိ
-ကြောက်မွေးပါ
ဇာဂနာနဲ့နုတ်
-ရဲရဲတောက်
ဒို့ဗမာ
-အရေးတော်ပုံ
အောင်ရမည်'' စသည့် ကြွေးကြော်သံ များ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် လွင့်ပျံ
နေပေသည်။
စဉ်မမေ့-
မြန်မာ့သမိုင်းတွင်
ထင်ရှားပေါ်လွင်၍ တစ်မျိုးသားလုံး၏အရေး၊ ပညာရေး၊ ကျောင်းသားအရေး၊ ခေတ်မီဖွံ့ဖြိုးရေးများ၏အခြေခံဖြစ်သော
အမျိုးသားအောင်ပွဲနေ့သည် ဘယ်သော အခါမှ မေ့ပျောက်၍မရသော နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။
''အမျိုးသားအောင်ပွဲနေ့ စဉ်မမေ့'' ဟူသောဆန္ဒဖြင့် ယနေ့ နိုင်ငံတော်၏ရှေ့ဆက်ရမည့်ခရီးကို
ပြည်သူအပေါင်း အားကြိုး မာန်တက် ဆက်လက်ချီတက်ကြရမည်လည်း ဖြစ်ပေသည်။ ကျောင်းသားခေါင်းဆောင်ကြီးများ၊
အမျိုးသား ကျောင်းများ၊ မျိုးချစ်ပုဂ္ဂိုလ်ကြီးများ သယ်ဆောင်ထွန်းညှိပေးခဲ့သော အမျိုး
သားအောင်ပွဲနေ့မှ လက်ဆင့်ကမ်းအမွေကို ဆက်လက် ထိန်းသိမ်းလျက် မမေ့မလျော့သော ဇွဲလုံ့လဝီရိယဖြင့်
ဆက်လက်ကြိုးပမ်း ထမ်းဆောင်ကြပါစို့။ ။
ညိုညိုယဉ်(ဒိုက်ဦး)
No comments:
Post a Comment