Saturday, December 1, 2018

စကားလုံးနှင့် အနက်အဓိပ္ပာယ်(၁၁)


“သမီးကို တစ်ခုမေးမယ်။ ‘အဖြူ၊ အနီ၊ အပြာ၊ အဝါ၊ အစိမ်း’ ဆိုတဲ့ စကားလုံး တွေရဲ့ အဓိပ္ပာယ်အားလုံးခြုံမိတဲ့စကားလုံးက ဘာလဲလို့မေးရင် သမီးဘယ်လို ဖြေမလဲ”

“အားလုံးခြုံမိတဲ့ စကားလုံးဆိုတော့ အဲ... ‘အရောင်’ ပေါ့ ဘဘ။ အရောင်လို့ ပြောရင် အားလုံးခြုံမိမယ်ထင်ပါတယ် ”
“ဟုတ်ပါ့။ သမီးပြောတာမှန်ပါတယ်။ ကဲ... အဲဒီ ‘အရောင်’ဆိုတဲ့စကားလုံးနဲ့ ‘အဖြူ’ ၊ ‘အနီ’ စတဲ့ စကားလုံးတစ်လုံးစီနဲ့ ဘယ်လိုဆက်သွယ်မှုရှိတယ်ထင်သလဲ”
“ ‘အနီ’ က ‘အရောင်’ ထဲမှာ ပါဝင်နေပြီးသားလို့တော့ ထင်ပါတယ် ဘဘ”
“ဟုတ်ပါတယ်။ အနီ၊ အဖြူ၊ အစိမ်း စတဲ့ စကားလုံးတစ်လုံးစီရဲ့ အဓိပ္ပာယ်ဟာအရောင်ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ထဲမှာ ပါဝင်ပြီးသားဖြစ်နေတယ်လို့ ဆိုနိုင်တာ ပေါ့။ အဲဒီလိုဆက်သွယ်မှုကို အနက်အကျုံးဝင်ခြင်းလို့ ခေါ် ကြတယ်ကွဲ့။ အင်္ဂလိပ် စကားနဲ့ဆိုရင်တော့ hyponymy ပေါ့”
“ဪ... ဟုတ်ကဲ့ပါ။ တခြားစကားလုံးတွေရော သိချင်ပါတယ် ဘဘ”
“အများကြီးရှိမှာပါ။ ‘စံပယ်၊ သဇင်၊ နှင်းဆီ၊ ပိတောက်’ ဆိုတဲ့ စကားလုံးတွေနဲ့ ‘ပန်း’ ဆိုတဲ့ စကားလုံးနဲ့ အနက်အဓိပ္ပာယ်ချင်း ဆက်သွယ်ပုံ၊ ‘ခွေး၊ နွား၊ မြင်း၊ ဆင်’ ဆိုတဲ့ စကားလုံးတွေနဲ့ ‘တိရစ္ဆာန်’ ဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပာယ်ချင်းဆက်သွယ် ပုံတွေဟာလည်း အနက်အကျုံးဝင်မှုတွေပဲပေါ့ .... ။ သမီးလည်း စဉ်းစားပြီး ပြော ကြည့်ပါလား”
“ဟုတ်ကဲ့၊ ‘ဓား၊ လှံ၊ သေနတ်၊ လေး၊ မြား’ နဲ့ ‘လက်နက်’၊ ‘စိန်၊ ပတ္တမြား၊ နီလာ၊ မြ’ နဲ့ ‘ကျောက်မျက်’ ၊ ‘ညီ၊ အစ်ကို၊ မောင်၊ နှမ၊ ဦးလေး၊ တူ၊ အဒေါ်၊ တူမ’ ဆိုတဲ့ စကားလုံးတွေနဲ့ ‘ဆွေမျိုး’ဆိုတဲ့ စကားလုံး ပြီးတော့...”
“တော်ပါပြီ။ ဒီလောက်ဆိုရင် လုံလောက်ပါပြီကွယ်။ သမီးကိုချီးကျူးပါတယ်။
အဲဒီဆက်သွယ်ပုံက ‘အနက်အကျုံးဝင်’ ဆက်သွယ်ပုံပေါ့။ အဲဒီမှာ မှတ်သားစရာ ကလေးတွေ ရှိတယ်ကွဲ့။ အဲ... တစ်ခုမှတ်ထားဖို့က ‘ခွေး၊ နွား၊ သဇင်၊ ဂမုန်း၊ အဖြူ၊ အဝါ’ စသည်ဖြင့် တစ်ခုချင်းသီးသန့်ဖော်ပြတဲ့ စကားလုံးတွေကို ‘အကျုံးဝင်ပုဒ်’ လို့ ခေါ်တယ်။ ‘တိရစ္ဆာန်၊ အရောင်၊ ပန်း’ စသည်ဖြင့် အားလုံးအကျုံးဝင်တဲ့ ယေဘုယျစကားလုံးတွေကိုတော့ ‘အကျုံးဝင်ခံပုဒ်’ လို့ ခေါ်တာပေါ့”
“ဟုတ်ကဲ့ပါ”
“အဲဒီမှာ မှတ်သားစရာက တစ်ခုချင်းဖြစ်တဲ့ အကျုံးဝင်ပုဒ်ကမှန်ရင် ယေဘုယျ ဖြစ်တဲ့ အကျုံးဝင်ခံပုဒ်လည်း မှန်တယ်ဆိုတဲ့ အချက်ပဲ။ ဆိုလိုတာက ‘ဒီဟာနွားပါ’ ဆိုတဲ့စကားက မှန်တယ်ဆိုရင် ‘ဒီဟာ တိရစ္ဆာန်ပါ’ ဆိုတဲ့စကားလည်း မှန်တယ်လို့ ဆိုလိုတာ”
“ဘဘ၊ ဒီလိုဆိုရင် ဒီဟာ သေနတ်ပါဆိုတဲ့ စကားက မှန်ရင် ဒီဟာ လက်နက်ပါ ဆိုတဲ့ စကားလည်း မှန်တာပေါ့နော်”
“မှန်တာပေါ့။ ကဲ... နောက်တစ်ဆင့်ပြောရအောင်။ ယေဘုယျဖြစ်တဲ့ အကျုံးဝင် ခံပုဒ်က မှန်တယ်ဆိုရုံနဲ့တော့ တစ်ခုချင်းဖြစ်တဲ့ အဲဒီအကျုံးဝင်ပုဒ်က မှန် မမှန် အသေအချာမပြောနိုင်ဘူးကွဲ့”
“သမီးသဘောပေါက်သွားပါပြီ။ ‘ဒီဟာတိရစ္ဆာန်ပါ’ ဆိုတာ မှန်တယ်ဆိုရုံနဲ့တော့ ‘ဒီဟာ နွားပါ’ ဆိုတာ မှန်တယ်လို့ မပြောနိုင်ဘူးလို့ ဆိုလိုတာမဟုတ်လား ဘဘ။ တိရစ္ဆာန်ဆိုရုံနဲ့ နွားဟုတ်ချင်မှ ဟုတ်မှာပေါ့။ တခြားအကောင်ဖြစ်ချင်လည်း ဖြစ်မှာပေါ့”
“ဟုတ်ပါပြီ။ အဲဒီအပြန်အလှန် အမှန် အမှား သဘောကို သိထားဖို့ ပြောတာပါ။ နောက်တစ်ခုက တချို့စကားလုံးတွေက သီးသန့်အနက်ရော ယေဘုယျအနက်ရော ရှိနေတတ်တယ်။ အဲဒီလိုစကားလုံးမျိုးမှာ ဒီစကားလုံးတစ်လုံးတည်းက အကျုံးဝင် ပုဒ်ရော၊ အကျုံးဝင်ခံပုဒ်ရော ဖြစ်နေတာပေါ့”
“ဘယ်လိုပါလဲ ဘဘ”
“ဘဘ တစ်ခါပြောပြီးပါပြီ။ ‘ဆရာ’ ဆိုတဲ့ စကားလုံးဟာ ဆရာတွေရော ဆရာမတွေရောကိုပါဝင်တဲ့ ယေဘုယျအနက်ရှိသလို ယောက်ျား တွေပဲ ပါဝင်တဲ့ သီးသန့်အနက်လည်း ရှိတယ်လေ။ အဲဒီလိုပဲ ‘ကျောင်းသား’တို့၊ ‘အမျိုးသား’ တို့ ဆိုတဲ့ စကားလုံးတွေလည်း အဲဒီသဘောရှိတာမို့ ယေဘုယျသုံးတဲ့ ‘ဆရာ’ ဆိုတဲ့ အဓိပ္ပာယ်ထဲမှာ သီးသန့်သုံးတဲ့ ‘ဆရာ’ ဆိုတဲ့ စကားလုံးက အကျုံးဝင်နေတယ်လို့ ဆိုရမှာပေါ့”
“ဟုတ်ကဲ့ပါ။ နားလည်ပါပြီ”
“နောက်ပြဿနာတစ်ခုရှိသေးတယ်ကွဲ့ ... အနက်အကျုံးဝင်ခြင်း ဆိုတဲ့ အသုံးကို တချို့ပညာရှင်တွေက သဘောမကျကြဘူး။ အကျုံးဝင်ပုံ နှစ်မျိုးရှိနေလို့ တိတိကျကျပြောဖို့လိုတယ်လို့ ဆိုကြတယ် “
“ ဘယ်လိုနှစ်မျိုးလဲ ဘဘ”
“ ‘ ခွေး ‘နဲ့ ‘တိရစ္ဆာန် ‘ကို သာဓက ယူရအောင်။ တိရစ္ဆာန်ဆိုတဲ့ အကောင် တွေထဲမှာ ခွေးရော၊ နွားရော၊ တခြားအကောင်တွေရော ပါနေတယ်မဟုတ်လား။ အဲဒီတော့ တိရစ္ဆာန်ကကျယ်ပြီး ခွေးကကျဉ်းတယ်၊ ဒါကြောင့် တိရစ္ဆာန်ထဲမှာ ခွေးပါဝင်နေတယ် လို့ ဆိုရမှာပေါ့ ”
“ ဟုတ်ကဲ့ပါ ”
“ ကဲ...’ခွေး ‘ ဆိုတဲ့စကားလုံးကို ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲ၊ သမီးသတိထား မိ သလား ”
“ ဟုတ်ကဲ့၊ ခွေးဆိုတာ ‘ ကိုက်တတ် ဟောင်တတ်တဲ့ တိရစ္ဆာန် ‘လို့ ဖွင့်မယ်ထင် ပါတယ် ”
“ ဟုတ်ပြီ။ ဒီတော့ အဲဒီ ‘ခွေး’ ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကိုကြည့်ရင် အခု ဖွင့်ထားတဲ့အတိုင်း ကိုက်တတ်တာရယ်၊ ဟောင်တတ်တာရယ၊် တိရစ္ဆာန်ဖြစ်တာရယ် အစိတ်အပိုင်းဘယ်နှခုပါသလဲ ”
“ အစိတ်အပိုင်း သုံးခုပါပါတယ် ဘဘ ”
“ ‘ခွေး’ ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်အစိတ်အပိုင်းသုံးခုထဲမှာ ‘ တိရစ္ဆာန်’ က အစိတ်အပိုင်း တစ်ပိုင်းသာဖြစ်နေလို့ အဓိပ္ပာယ်အရဆိုရင် ‘ ခွေး’ နဲ့ ‘ တိရစ္ဆာန်’ နဲ့ ဘယ်ဟာကကျယ်ပြီး ဘယ်ဟာကကျဉ်းသလဲ ”
“ ဟာ... ဒီလိုဆိုတော့ အဓိပ္ပာယ်အနေနဲ့ ‘ ခွေး ‘ ကကျယ်ပြီး ‘ တိရစ္ဆာန် ‘ က ကျဉ်းနေပါတယ်ဘဘ။ ‘ ခွေး ‘ ရဲ့ အဓိပ္ပာယ်ထဲ မှာ ‘တိရစ္ဆာန် ‘က အစိတ် အပိုင်းတစ်ခုသာ ဖြစ်နေတာကိုး ”
“ ဟုတ်ပါတယ်။ အကျုံးဝင်ပုံနှစ်မျိုးဆိုတာ အဲဒါပါပဲ။ ‘ ခွေး ‘ တို့ ၊ ‘ တိရစ္ဆာန်’ တို့ဆိုတဲ့ အကောင်တွေကို စကားလုံးတွေနဲ့ ရည်ညွှန်းခေါ်ရလို့ ‘အညွှန်းခံ ‘ လို့ခေါ်တယ်။ အညွှန်းခံအနေနဲ့ဆိုရင် တိရစ္ဆာန်ကကျယ်ပြီး ခွေးကကျဉ်းတယ်။ တိရစ္ဆာန်ထဲမှာ ခွေးပါနေတယ်။ အဲ... ခုနပြောသလို အနက်အဓိပ္ပာယ်အနေနဲ့ ဆိုရင်တော့ ‘ ခွေး ‘ ရဲ့အနက်အဓိပ္ပာယ်ထဲမှာ ‘ တိရစ္ဆာန် ‘ ပါနေတဲ့အတွက် ‘ခွေး’ က ကျယ်ပြီး ‘ တိရစ္ဆာန် ‘ က ကျဉ်းတယ်။ ခွေးထဲမှာ တိရစ္ဆာန်ပါနေတယ်။ ဒါကြောင့် အနက်အဓိပ္ပာယ် အကျုံးဝင်မှုမှာ အညွှန်းခံအကျုံးဝင်တာ။ အနက်အဓိပ္ပာယ် အကျုံးဝင်တာမှာ နှစ်မျိုးကွဲနေတာမို့ ဘယ်ဟာကို ဆိုလိုတာလဲဆိုတာ ကွဲကွဲပြားပြား ခွဲခြားဖို့ လိုအပ်တာပေါ့ ”
“ နားလည်ပါပြီ ဘဘ။ ‘ လှံ ‘ ကို ‘ ထိုးရသောလက်နက် ‘ လို့ ဖွင့်ရင် ‘ လှံ ‘ ရဲ့ အနက်ထဲမှာ ‘ လက်နက် ‘ က အစိတ်အပိုင်း တစ်ခုပဲ ဖြစ်တာမို့’လှံ ‘ က ကျယ်ပြီး ‘ လက်နက် ‘ ကကျဉ်းတယ်။ ဒါပေမယ့် ‘ လက်နက် ‘ ဆိုတဲ့အညွှန်းခံထဲမှာ လှံရော၊ ဓားရော၊ သေနတ်ရော ပါနေတာမို့ အòန်းခံအနေနဲ့ဆိုရင်တော့ ‘ လက်နက် ‘ ကကျယ်ပြီး ‘ လှံ ‘ ကကျဉ်းနေတာပေါ့။ စိတ်ဝင်စားစရာ ကောင်းပါတယ် ဘဘ”
“ နောက်တစ်ချက်က အနက်အကျုံးဝင်မှုဟာ အကျဉ်းအကျယ်အရ အဆင့်ဆင့်ရှိနိုင်တယ်ဆိုတဲ့အချက်ပဲ။ အညွှန်းခံအကျုံးဝင်မှုကိုပဲ သာဓကယူရ အောင်။ ‘ တိရစ္ဆာန် ‘ နဲ့ ‘ ခွေး ‘ နဲ့ယှဉ်ရင် ‘ တိရစ္ဆာန် ‘ ကကျယ်လို့ အကျုံးဝင်ခံပုဒ် ဖြစ်ပေးမယ့် ‘ သတ္တဝါ ‘ နဲ့ ‘ တိရစ္ဆာန် ‘ ယှဉ်ရင်တော့ ‘ သတ္တဝါ ‘ က ‘ တိရစ္ဆာန်’ ထက် ပိုကျယ်တယ်မဟုတ်လား။ တိရစ္ဆာန်တွေသာမက လူတွေ၊ နတ်တွေပါ ပါနေတာလေ ”
“ ဟုတ်ပါတယ် ဘဘ “
” တစ်ခါ ‘ တိရစ္ဆာန် ‘ နဲ့ ယှဉ်ရင် ‘ ခွေး ‘ က ကျဉ်းပေမယ့် ‘ ခွေး ‘ နဲ့ ‘ အယ်ဇေးရှင်း ‘ နဲ့ယှဉ်ရင် ‘ ခွေး ‘ က ပိုကျယ်တာလား ‘ခွေး’ ထဲမှာ ‘ အယ်ဇေးရှင်း’ က အကျုံးဝင်တာပေါ့။ အဲဒီလိုပဲ၊ ‘ အဝတ်-ဘောင်းဘီ-ဘောင်းဘီတို၊ အနီရောင် ဘောင်းဘီတို’ ဆိုတဲ့စကားလုံးတွေ ‘ကောင်းမှု-အ လှူ - ရှင်ပြုအလှူ ‘ ဆိုတဲ့ စကားလုံးတွေ အကျဉ်းအကျယ် အဆင့်ဆင့်ကွဲပြားတာမို့ စကားလုံး တစ်လုံးဟာပိုပြီး ကျဉ်းတဲ့စကားလုံးနဲ့ယှဉ်ရင် အကျုံးဝင်ခံသူ ဖြစ်နေပေမယ့် ပိုပြီးကျယ်တဲ့စကားလုံးနှင့် ယှဉ်ရင်တော့ အကျုံးဝင်ပုဒ်ဖြစ်နေမှာပဲလေ”
“ဟုတ်ကဲ့ပါ။ စကားလုံးတွေရဲ့ အနက်အဓိပ္ပာယ်သဘောတွေတော်တော် နားလည်သွားပါပြီ ဘဘ ”
“ တကယ်တော့ ခုပြောတဲ့စကားလုံးတွေက နေ့စဉ်သုံးနေတဲ့ စကားလုံးတွေမို့ ဘာမှမထူးခြားသလို ထင်ရပေမယ့် အာရုံစိုက်ပြီး လေ့လာကြည့်ရင် သိစရာ တွေးစရာတွေ အများကြီးပါပဲကွယ် “
မောင်ခင်မင် (ဓနုဖြူ)

No comments:

Post a Comment