ရန်ကုန် ဒီဇင်ဘာ ၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး
သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစား လေ့ကျင့် ရေးစခန်း(သုဝဏ္ဏ)ရှိ တိုက်ကွမ်ဒို
အားကစားရုံသစ် ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက် သည်။
ရှေးဦးစွာ တိုက်ကွမ်ဒို
အားကစားရုံသစ်ကို ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံ အမတ်ကြီး
H. E. Mr. Lee Sang-hwa ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊
အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အလှူရှင် Booyoung Group မှ Mr. Shin Hyun-Suk
နှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြဟန် တို့က ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးက နိုင်ငံနှင့် ပြည်သူများအတွက် များစွာအကျိုးရှိနိုင်မည့်
တိုက်ကွမ်ဒို အားကစားရုံသစ်ကြီး ဖွင့်လှစ်နိုင်ရေးအတွက် လှူဒါန်းခဲ့ သူများနှင့်
စုစည်းဆောင်ရွက် ပေးခဲ့ကြ သူများကို ကျေးဇူးတင်ရှိပါကြောင်း၊ အားကစားရုံသစ်ကြီး
ကို အသုံးပြု၍ လာမည့်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးတွင် အောင်မြင်မှုရရှိရေး
အတွက် ကြိုတင်စခန်းသွင်း လေ့ကျင့်မှုများပြုလုပ်နိုင်ခြင်း၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ခြင်း၊ တိုက်ကွမ်ဒို အားကစားနည်းကို
လေ့လာ လိုက်စားလိုသော လူငယ်များလေ့ကျင့်ရေးရုံအဖြစ် အသုံးပြုနိုင်ခြင်း၊
မျိုးဆက်သစ်အားကစား သမားများကို ပိုမို လေ့ကျင့်မွေးထုတ်ပေးနိုင်ခြင်း စသည့်
အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
တိုက်ကွမ်ဒို အားကစားသည်
လေ့ကျင့်ရန်နေရာများစွာ မလိုအပ်သည့်အပြင် လေ့ကျင့် ခြင်းဖြင့် သွေးအတွင်း
အဆီဓာတ်နှင့် သကြားဓါတ်ကိုကျဆင်းနိုင်ခြင်း၊ သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ တို့ကို ကာကွယ် နိုင်ပြီး
အမျိုးသမီးများ အသက်ကြီးသည့်အခါ ဖြစ်ပွားတတ်သည့် အရိုးပွရောဂါကိုလည်း
ကာကွယ်နိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ
ကိုရီးယားနိုင်ငံ သံအမတ်ကြီး H. E. Mr. Lee Sang-hwa ၊ အလှူရှင် Booyoung Group မှ
Mr. Shin Hyun-Suk နှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြဟန် တို့က
အမှာစကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်
တာဝန်ရှိသူများသည် မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်မှ အားကစား သမားများ၏
သရုပ်ပြကစားမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် မြန်မာနိုင်ငံ
တိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲစဉ် များကို
ကျင်းပခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်သည်။
တိုက်ကွမ်ဒို အားကစားရုံသစ်
တည်ဆောက်ဖွင့်လှစ်နိုင်ရန် ကိုရီးယားသမ္မတနိုင်ငံ
Booyoung Group မှ အမေရိကန်ဒေါ်လာ ၄ သိန်း လှူဒါန်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်
စတင်တည် ဆောက်ခဲ့ခြင်းဖြစ်သည်။
(သတင်းစဉ်)

No comments:
Post a Comment