Monday, December 3, 2018

ဒုတိယအကြိမ် မာရသွန်ပြိုင်ပွဲ ကျင်းပ


ရန်ကုန် ဒီဇင်ဘာ ၂ 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတို့၏ အားပေးကူညီမှုဖြင့် ဒုတိယအကြိမ် မြောက် Yangon 100 Plus Active Ran မာရသွန် အပြေးပြိုင်ပွဲကြီး ကို ယနေ့ နံနက် ၅ နာရီခွဲက ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲ ရုံ (၁) သုဝဏ္ဏရှေ့၌ ကျင်းပခဲ့ရာ မာရသွန်အပြေးပြိုင်ပွဲဝင်နှင့် အပျော်တမ်း အပြေးအားကစားသမား ငါးထောင်ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


အဆိုပါ မာရသွန် ၁ဝ ကီလိုမီတာနှင့် ၃ ဒသမ ၅ ကီလိုမီတာ အပျော် တမ်းအပြေးလမ်းလျှောက်ပြိုင်ပွဲ တို့ကို ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးဝန်ကြီး ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက တာထွက် အလံမြှောက်၍ ဖွင့်လှစ်ပေးခဲ့ ကြသည်။ ယင်းပြိုင်ပွဲတွင် အမျိုးသား ၁ဝ ကီလိုမီတာပြိုင်ပွဲတွင် စန်းနိုင်က ၃၂ မိနစ် ၃၁ စက္ကန့်ဖြင့် ပထမ၊ ဝင်းနိုင်ထွန်းက ၃၂ မိနစ် ၄၄ စက္ကန့်ဖြင့် ဒုတိယ၊ သောင်းအေးက ၃၃ မိနစ် ၄ဝ စက္ကန့်ဖြင့် တတိယဖြင့် လည်းကောင်း၊ အမျိုးသမီး ၁ဝ ကီလိုမီတာပြိုင်ပွဲတွင် ဖြူဝါသန့်က ၃၈ မိနစ် ဝ၄ စက္ကန့် ဖြင့် ပထမ၊ နှင်းယုစိုးက ၃၉ မိနစ်၂၇ စက္ကန့်ဖြင့် ဒုတိယ၊ မြင့်မြင့်အေးက ၃၉ မိနစ် ၂၈ စက္ကန့်ဖြင့် တတိယ ရရှိခဲ့ပြီး ပထမငွေကျပ် ၁ဝ သိန်း၊ ဒုတိယ ငွေကျပ်ရှစ်သိန်း၊ တတိယ ငွေကျပ်ငါးသိန်းနှင့် ဆုတံဆိပ်များ ရရှိ ခဲ့ကြကာ ၃ ဒသမ ၅ ကီလိုမီတာ အပျော်တမ်း အပြေးလမ်းလျှောက် ပြိုင်ပွဲတွင် ပန်းဝင်သူများကို ဂုဏ်ပြု ဆုတံဆိပ် တစ်ခုစီ ချီးမြှင့်ခဲ့သည်။ ပထမဆုံးအကြိမ် မာရသွန်အပြေးပြိုင်ပွဲကြီးကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာတွင် ကျင်းပခဲ့ရာ အပြေးပြိုင်ပွဲဝင် ငါးထောင်ခန့်နှင့် ယခုနှစ် ဖေဖော်ဝါရီတွင် မန္တလေး၌ ကျင်းပခဲ့သည့် မာရသွန်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူ တစ်ထောင့်ငါးရာသာ ပါဝင်ခဲ့ကြသည်။ ယခု မာရသွန် အပြေးပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး ၁ဝ ကီလိုမီတာ ပြိုင်ပွဲ၌ အနိုင်ရရှိသူများသည် ၂ဝ၁၇ ပြိုင်ပွဲစံချိန်ကို ချိုးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး

No comments:

Post a Comment