Saturday, December 1, 2018

အမျိုးသားပြတိုက် (ရန်ကုန်) တွင် ကျင်းပသော မြန်မာ ရေဆေးပန်းချီပြပွဲ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက် အမှာစကားပြောကြား


ရန်ကုန်၊ ဒီဇင်ဘာ ၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ကြီးမှူးကျင်းပသော မြန်မာရေဆေးပန်းချီပြပွဲ " (Myanmar Watercolor 2018 Art Exhibition) အခမ်းအနားအား ယနေ့နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ပြည်လမ်းရှိ အမျိုးသားပြတိုက်(ရန်ကုန်)တွင် ကျင်းပ သည်။

အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က အမျိုးသားပြတိုက်(ရန်ကုန်)ရဲ့ ပြတိုက်လှုပ်ရှားမှု လုပ်ငန်းတစ်ရပ်ဖြစ်တဲ့ ပြပွဲများ ကျင်းပခဲ့တာကို ပြန်လည် လေ့လာကြည့်မယ်ဆိုရင် ပြတိုက်လှုပ်ရှားမှု ပန်းချီပြပွဲကို ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံမှာရှိတဲ့ အတွေ့အကြုံရင့် သမ္ဘာရင့် ပန်းချီဆရာကြီးများရဲ့ကူညီမှုနဲ့ ကျင်းပနိုင်ခဲ့ကြောင်း၊ ပြတိုက်လှုပ်ရှားမှု ပန်းချီပြပွဲ ကြီးရဲ့အကျိုးဆက်အနေနဲ့ ဂန္ထဝင်သစ်ပန်းချီပြပွဲ (New Classic Art Exhibition) ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ယခု မြန်မာရေဆေး ၂၀၁၈ ပန်းချီပြပွဲကို ပန်းချီဆရာ(၁၁)ဦးရဲ့ ရေဆေးလက်ရာပန်းချီ သီးသန့်လက်ရာများကို ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်အထိ ပြသသွားမှာ ဖြစ်ပါကြောင်း၊ ယခုမြန်မာရေဆေး ၂၀၁၈ ပန်းချီပြပွဲ ပြီးစီးပါက ပန်းချီဆရာ(၁၆)ဦးရဲ့ ခေတ်ပြိုင်ပန်းချီပြပွဲ (Contemporary-16) ကို ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။ ၄င်းအပြင် ၂၀၁၉ ခုနှစ်၊ ပြတိုက်လှုပ်ရှားမှုပန်းချီပြပွဲ (Museum Activity Art Exhibition- 2019)ကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး အဆိုပါပြပွဲတွင် ၂၀၁၈ ခုနှစ်၊ ပြတိုက်လှုပ်ရှားမှု ပန်းချီပြပွဲ (Museum Activity Art Exhibition - 2018)မှာ မပါဝင်ဘဲ ကျန်ရှိနေသေးသည့် ပန်းချီပညာရှင်များကို ဖိတ်ခေါ်ပြီး ကျင်းပသွားမှာဖြစ်ကြောင်း၊ ပြတိုက်လုပ်ငန်း စဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အမျိုးသားပြတိုက်(ရန်ကုန်)မှ တာဝန်ရှိသူ များနဲ့ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ပန်းချီဆရာကြီးများ၊ ထပ်မံပူးပေါင်းပါဝင်ပေးကြမယ့် ပန်းချီဆရာကြီး များကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုပြပွဲမှာ ရေဆေးပန်းချီဆရာ (၁၁)ဦးရဲ့ ရေဆေးပန်းချီ လက်ရာ(၅၈)ကားကို မြင်တွေ့ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အနုပညာ လက်ရာများ လျော့နည်းသွားတာနှင့်အမျှ ပြတိုက် တွေရဲ့ နိုင်ငံ့ဂုဏ်ဆောင် ပုံရိပ်တွေ ဟာလည်း တစ်ဖြည်းဖြည်း မှေးမှိန်လာကြတာ ဓမ္မတာပဲဖြစ်ပါကြောင်း၊ ကမ္ဘာ့ပြတိုက် အဖွဲ့အစည်း မှတ်တမ်းအရ ကမ္ဘာ့နိုင်ငံပေါင်း(၂၀၂)နိုင်ငံမှာ ပြတိုက်ပေါင်း (၅၅၀၀၀)ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြတိုက်ပေါင်း (၁၀၀) မရှိသေးပါကြောင်း၊ ပြတိုက်တွေ ဆိုတာဟာ လက်မှုအနုပညာ ပစ္စည်း တွေ၊ အခြားအနုပညာ လက်ရာမြောက်သော အရာဝတ္ထုတွေ ၊ ယဉ်ကျေးမှု ၊ သမိုင်း၊ သိပ္ပံပညာရပ်ဆိုင်ရာ အရေးပါမှု ပစ္စည်းတွေကို တစ်နေရာတည်းမှာ ထိန်းသိမ်းဂရုစိုက် ကာကွယ်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ ရိုးရာအစဉ်အလာအရ ပြတိုက်များ၏ အခန်းကဏ္ဍဟာဆိုရင် ယဉ်ကျေးမှု၊ ဘာသာရေးနှင့် သမိုင်းဆိုင်ရာ အထောက်အထားများ၊ အရာဝတ္ထုပစ္စည်းများကို စုဆောင်းဖို့ဖြစ်ပြီး အဆိုပါ စုဆောင်းပြသပစ္စည်း တွေကို ပြည်သူလူထုအား ခင်းကျင်းပြသပေးရန်၊ ပညာပေးရန်နှင့် စိတ်ပျော်ရွှင်မှု ရစေရေးအတွက်သာ ဖြစ်ပါကြောင်း၊ ပန်းချီ လက်ရာမွန်များ နိုင်ငံတော်အဆင့် စုဆောင်းမှုများ ပြုလုပ်နိုင်အောင် ပြတိုက်တာဝန်ရှိသူ များက ဆက်လက်ကြိုးပမ်း ဆောင်ရွက် ကြပါရန်နှင့် ပန်းချီ ပညာရှင်ကြီးများကလည်း ဆက်လက်ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြပါရန် မေတ္တာ ရပ်ခံလိုကြောင်းဖြင့် ပြောကြားသည်။
အခမ်းအနားတွင် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာရေဆေး ပန်းချီပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြပွဲပြုလုပ်ရခြင်း အကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး ပန်းချီဆရာကြီး ဦးလှတင်ထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။
မြန်မာရေဆေး-၂၀၁၈ ပန်းချီပြပွဲအား ဒီဇင်ဘာ ၇ ရက်အထိ နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီခွဲအထိ နေ့စဉ်ဖွင့်လှစ်ပြသ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment