Saturday, December 1, 2018

မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးနှင့် ဒါရိုက်တာ ဘုတ်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ



ရန်ကုန် ၊ ဒီဇင်ဘာ ၁
မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးနှင့် ဒါရိုက်တာဘုတ်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအခမ်း အနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ Sky Star ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ၂၀၁၅ ခုနစ်တွင် ပေါ်ပေါက်သည့် မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံလွှင့် ဥပဒေနှင့် ဆက်စပ်၍ မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် သူများအသင်းကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ရုပ်သံဥပဒေတွင် ရုပ်မြင်သံကြားနှင့် အသံလွှင့် လုပ်ငန်းများ ဖွံ့ဖြိုးရေးအဖွဲ့၊ ရုပ်သံကောင်စီနှင့် ရုပ်သံလုပ်ငန်း လုပ်ကိုင်သူများ အသင်းအဖွဲ့တစ်ခု ဖွဲ့စည်းရန် ပါဝင်ပါကြောင်း၊ ၂၀၁၅ခုနှစ် နှင့် ထိုကာလ မတိုင်မီကရှိသည့် အနေအထား များကို သဘာဝကျကျ စဉ်းစားဆောင်ရွက် ခဲ့သည်ဟု မြင်ပါကြောင်း၊ သို့သော် မူလစဉ်းစား ဆောင်ရွက်ခဲ့သည်များနှင့် ပြောင်းလဲလာသည့် အခြေအနေများ အပေါ်မူတည်၍ လိုအပ်လာသည့်အတွက် လျော်ညီသော ဥပဒေများကို ချမှတ် ဆောင်ရွက်ရသည်များ ရှိပါကြောင်း။
ထိုကဲ့သို့ ဥပဒေများကို ကျင့်သုံးဆောင်ရွက်ရင်း အခြားပေါ်ပေါက်လာသည့် အနေအထားအသစ်များနှင့် လျော်ညီစွာ ဥပဒေများကို ပြန်လည်ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ တစ်ခါတစ်ရံ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ရပါကြောင်း၊ ရုပ်သံဥပဒေ ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး ဆက်စပ်သည့် နည်းဥပဒေကို ရေးဆွဲနေဆဲ ဖြစ်ပါကြောင်း၊ ရုပ်သံနည်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရုပ်သံကောင်စီဖွဲ့စည်း၍ ကောင်စီ၏ လုပ်ငန်းများ လည်ပတ်မည်ဖြစ်ကာ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် သူများအသင်းနှင့် ချိတ်ဆက်မည် ဖြစ်ပါကြောင်း။
ရုပ်သံထုတ်လွှင့်သူများ၊ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အသင်းအဖွဲ့ တစ်ခုရှိ သင့်သည်ဟု လက်ခံ ယုံကြည်ပါကြောင်း၊ ယနေ့တွင် အသင်း၏ အလုပ်များ ပိုမို သွက် လက်စွာ လုပ်ကိုင်နိုင်ရန် စည်းမျဉ်းအချို့ ပြင်ဆင်မည်ကို တွေ့ရပါကြောင်း၊ နည်းဥပဒေ ထွက်လာပါက ရုပ်သံကောင်စီ ပေါ်ပေါက်လာပြီး အနေအထားပြောင်းလဲမှုများ အပေါ် တွင် မူတည်၍ အသင်းကို မည်သည့်ပုံစံဖြင့် ဆက်လက် ဆောင်ရွက်မည်ကို စဉ်းစားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်း၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း၏ ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးနှစ်ချုပ်စာရင်းများနှင့် ဖွဲ့စည်းခြင်းဆိုင်ရာ အသင်းအဖွဲ့စည်းမျဉ်းပြင်ဆင်ချက်များကို အတည်ပြုခြင်း၊ လက်ရှိဒါရိုက်တာအဖွဲ့ဝင်များ နှုတ်ထွက်ခြင်း တို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း ဒါရိုက် တာ အဖွဲ့သစ် ရွေးချယ်ခြင်းကိုဆောင်ရွက်ရာ ဒုတိယသက်တမ်း (၃) နှစ်တာကာလ အတွက် ဥက္ကဋ္ဌ အဖြစ် ရွှေသံလွင် မီဒီယာဂရု(ပ်)မှ ဦးကိုကို ၊ ဒုတိယဥက္ကဋ္ဌအဖြစ် Forever Group ကုမ္ပဏီလီမိတက် မှ ဦးခင်မောင်ဌေး၊ အထွေထွေ အတွင်းရေးမှူး အဖြစ် Myanmar International Television (MITV) မှ ဦးဇော်သက်မောင် အပါ အ၀င် ဒါရိုက်တာအဖွဲ့ဝင် (၁၆) ဦးတို့ကို ရွေးချယ်အတည်ပြုခဲ့သည်။
ယင်းနောက် အသစ်ရွေးချယ် တင်မြှောက်ခြင်းခံရသော မြန်မာနိုင်ငံရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်း ဥက္ကဋ္ဌ ဦးကိုကို က နှုတ်ခွန်းဆက်စကား ပြောကြားပြီး သဘာပတိအဖြစ် ဆောင်ရွက်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အခမ်းအနားသို့ တက် ရောက်လာကြသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းမှ အသင်းသူ၊ အသင်းသားများ၊ ရုပ်သံ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များ ၊ ရုပ်သံလုပ်ငန်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ၊ ရုပ်သံလုပ်ငန်း လုပ်ကိုင်နေကြသည့် အသင်းဝင်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံရုပ်မြင်သံကြား နှင့် အသံထုတ်လွှင့်သူများ အသင်းကို ၂၀၁၅ ခုနစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းဝင် (၁၆၀) ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment