Saturday, December 1, 2018

ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ရခိုင်ပြည်နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု စစ်ဆေး


 နေပြည်တော် ဒီဇင်ဘာ ၁
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့သည် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် စစ်တွေမြို့၌ တွေ့ဆုံ၍ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းတံတား ဖောက်လုပ်မှု လုပ်ငန်းများနှင့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာ၌ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်သည့် တန်ဖိုးနည်း အိမ်ရာ အလုံး ၁၀၀ ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံ တိုင်းရင်းသားများအား နေရာချထားပေးနိုင် ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်၍ ဒေသခံများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မောင်တော - ဝေသာလီ - ဥဒေါင်း ကွန်ကရစ်လမ်း (၁၃/၀)မိုင်နှင့် အေးရှားဝေါလ်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် အငူမော် - အင်းဒင် - ကျောက်ပန္ဒူ - ဥဒေါင်း ကွန်ကရစ်လမ်းကို စက်ယန္တရားကြီးများဖြင့် ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ပထမ ၆ လပတ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးစီးခဲ့သည့် ရွှေဇား - ပြင်ဖြူ ကွန်ကရစ်လမ်း (၁/၃)မိုင် ရှင်းလင်း ဆောင်သို့ရောက်ရှိပြီး တာဝန်ခံ အင်ဂျင်နီယာက လမ်းဖောက်လုပ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင် ပြရာ လိုအပ်ချက်များကို မှာကြားသည်။
ဆက်လက်၍ ပြင်ဖြူ - လှဖိုးခေါင် -ကျီးကန်းပြင် ကျောက်ချောလမ်း ပြုပြင်ဆောင်ရွက် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘူးသီးတောင် - တောင်ပဇာလမ်းပိုင်း ရေရှည် တည်တံ့ခိုင်မြဲရန် အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ဘူးသီးတောင်မြို့နယ် တောင်ပဇာ ကျေးရွာရှိ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသည့် တန်ဖိုးနည်းအိမ်ရာ ၆၃ လုံးတွင် နေရာချထားပြီးသော မြို နှင့် သက် တိုင်းရင်းသားများ ကိုတွေ့ဆုံ၍ ဆိုလာမီးများ ထောက်ပံ့ပေးအပ်ကာ ၎င်းတို့၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့နယ် ပလ္လင်ပြင် - အောင်ဒိုင် - ကျက်တောပြင် ကွန်ကရစ်လမ်း (၃/၁)မိုင်၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောင် ရွက်မည့် ရွှေမင်းဂံလမ်းဆုံမှ ကံ့ကော်ကျွန်း - ရွာသစ်ကေ မြေသားလမ်း (၃/၁)မိုင် ဖောက်လုပ် မည့် လုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သော လမ်း/တံတား၊ စိုက်ပျိုးရေ/ သောက်သုံးရေ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာ ရေးဆိုင်ရာများ၊ ဆိုလာမီးများနှင့် တန်ဖိုးနည်းအိမ်ရာများ ဆောင်ရွက်ပေးလျက် ရှိရာ ရခိုင် ပြည်နယ်အတွင်း ဒေသခံ တိုင်းရင်းသားများအတွက် နေအိမ်ဆောက်လုပ်ပေးခြင်း လုပ်ငန်းများ အနေဖြင့် မောင်တောမြို့နယ်ရှိ ရွှေဗဟိုကျေးရွာတွင် နေအိမ်အလုံး ၅၀၊ ကျောက်ပန္ဒူ ကျေးရွာတွင် နေအိမ် အလုံး ၁၀၀၊ နန်းရာကိုင်းကျေးရွာတွင် နေအိမ်အလုံး ၅၀၊ ခုံတိုင် ကျေးရွာတွင် နေအိမ် ၁၈ လုံး၊ ဘူးသီးတောင်မြို့နယ်၌ တောင်ပဇာကျေးရွာတွင် နေအိမ် ၆၃ လုံး၊ ရသေ့တောင် မြို့နယ်၌ အဝတာကျေးရွာတွင် နေအိမ် ၄၆ လုံးတို့ကို နှစ်အလိုက် ဆောင်ရွက်ပေးခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်များတွင် လိုအပ်ချက်ရှိသည့် ကျေးရွာများကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment