ကတ္တမန္ဒူး ဒီဇင်ဘာ ၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁ ရက်
တွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကတ္တမန္ဒူးမြို့၌ ကျင်းပသည့်
အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး (Asia Pacific Summit 2018- Nepal) ဖွင့်ပွဲ
အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့် အတူ ဒီဇင်ဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်တွင် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကတ္တမန္ဒူးမြို့ရှိ Hyatt Regency Kathmandu ၌ ကျင်းပ သည့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး (Asia Pacific Summit 2018- Nepal) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားသို့ နီပေါနိုင်ငံ ၀န်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ်၊ ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတနှင့် အခြား အာရှ-ပစိဖိတ်နိုင်ငံပေါင်း (၄၅) နိုင်ငံတို့မှ အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာ ရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၅၀၀) ကျော် ပါဝင်တက်ရောက် ကြသည်။
အခမ်းအနားတွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီ၊ ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ဆမ်ဒက် ဟွန်ဆန်၊ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ ဒုတိယ သမ္မတ Hon. Maria Leonor G. Robr edo နှင့် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် လာကြသည့် အာရှ-ပစိဖိတ်နိုင်ငံတို့မှ အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက အဖွင့်မိန့်ခွန်း ပြောကြားကြသည်။
အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို “အပြန်အလှန် မှီခိုမှု၊ အကျိုးတူ သာယာဝပြောမှုနှင့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများကို အလေးထားပြီး မျက်မှောက် ကာလမှာ မိမိတို့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းကြရေး” ဟူသည့်ခေါင်းစဉ်ဖြင့် နီပေါနိုင်ငံ အစိုးရနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဖောင်ဒေးရှင်း (Universal Peace Foundation-UPF) တို့က ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါ-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr. Shanker Ghimire ၊ အကြံပေးပုဂ္ဂိလ် Mr. Sushil Bikram Shahi နှင့် အသင်းဝင်များအား Soaltee Crowne Plaza Hotel ၌ လက်ခံတွေ့ဆုံပြီး နီပေါ-မြန်မာနှစ်နိုင်ငံ ပြည်သူများအကြား အမြဲကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းပြီး ပိုမိုကောင်းမွန်သည့် ချစ်ကြည်ရင်းနှီမှုနှင့် ဆက်ဆံရေးကဏ္ဍ တိုးမြှင့်ဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကတ္တမန္ဒူးမြို့ရှိ ဓမ္မကရီသီး သီလရှင်ကျောင်းတိုက် (DHARMA KIRTI BIHAR)သို့ သွားရောက်ပြီး သီလရှင်ဆရာကြီး ဒေါ်ဓမ္မ၀တီအား ဂါရ၀ပြု ဖူးမြော်ကန်တော့သည်။
သီလရှင်ဆရာကြီး ဒေါ်ဓမ္မ၀တီသည် မြန်မာနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓစာပေကျမ်း ဂန်များကို လေ့လာသင်ယူခဲ့ပြီး နီပေါနိုင်ငံ၌ ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွား ရေးအတွက် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ ၀င်များနှင့်အတူ နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ၀န်ကြီးချုပ်က ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီး အကဲများအား Bao Xuang Restaurant ၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
ref: Myanmar State Counsellor Office
No comments:
Post a Comment