Saturday, December 1, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ လုပ်ငန်းခွင်ဝင် မိခင်များ၏ ကလေးသူငယ်များ စနစ်တကျ စောင့်ရှောက်ရေး ဆွေးနွေးဆောင်ရွက်


ရန်ကုန် ဒီဇင်ဘာ ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်အတွင်း မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေးအတွက် မူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိရာ ကလေးငယ်များ ဦးနှောက်ဖွံ့ဖြိုး စေရန်နှင့် ကိုယ်ခန္ဓာ ပုံမှန်ကြီးထွားစေရန် အတွက် နေ့ကလေးထိန်း ကျောင်းများနှင့် မူလတန်းကြို ကျောင်းများတွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး နည်းလမ်းများဖြင့် စနစ်တကျ ပြုစုလေ့ကျင့် ပေးနေပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူလတန်းကြို ကျောင်း မဖွင့်လှစ် နိုင်သည့် ဒေသများတွင် ယခုကဲ့သို့ မိခင်ဝိုင်းများ ဖွင့်လှစ်၍ စနစ်တကျ ပြုစုပျိုးထောင် ပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါ မိခင်းဝိုင်းများတွင် ရပ်ကွက်/ကျေးရွာ အတွင်းရှိ မိခင်၊ မိသားစုဝင်များ ကိုယ်တိုင်နှင့် ပြည်သူလူထုက ပူးပေါင်းပါဝင် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက မိခင်ဝိုင်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဝန်ကြီးဌာနမှ ထောက်ပံ့ပေးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်သာယာ မြို့နယ်အတွင်း မိခင်ဝိုင်း ၅ ဝိုင်း ဖွင့်လှစ် နိုင်ရန်အတွက် ထောက်ပံ့ ငွေကျပ် ၃၅၈၂၁၀၀ ကို တာဝန်ရှိသူများထံ ပေးအပ်ပြီး ကလေးငယ်များ အတွက် အာဟာရ မုန့်များနှင့် ကစားစရာ အရုပ်များကို ပေးအပ်ကြသည်။
အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော ကလေးအသက် (၂) နှစ်အထိ ငွေကြေး ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က အမှာစကားပြောကြားပြီး ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်သည်။
(သတင်းစဉ်)

No comments:

Post a Comment