ရန်ကုန်
နိုဝင်ဘာ ၂၅
မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ် ကျောင်းသား
ကျောင်းသူများ ဦးဆောင်ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း)မှ
ရရှိလာသည့် အချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ
(UPDJC) သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း
နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့
Best Western Green Hill ဟိုတယ်၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ
၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပလျက်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း)
အပြီးတွင် ပါဝင်ခဲ့သည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကိုယ်စားလှယ်အဖွဲ့ဝင် ကိုလင်းထက်အောင်က
''ကျွန်တော်တို့ သဘောတူညီနိုင်တာ ကိုးချက်ရှိတယ်။ အဲဒီကိုးချက်ကို ကျွန်တော်တို့က ငြိမ်းချမ်းရေးမှာ
လူငယ်တွေရဲ့ ပါဝင်ဆောင်ရွက်မှုအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ
(UPDJC) ကို တင်ပြသွားမယ်'' ဟု ပြောသည်။
ညီလာခံ ကျင်းပရေးကော်မတီဝင် မသဇင်အောင်က
''ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံတွင် အစည်းအဝေးမှာပါဝင်တဲ့ ကဏ္ဍငါးခုအနက်
လူမှုရေးကဏ္ဍမှာပါဝင်တဲ့ တိုင်းရင်းသားဘာသာစကား သင်ကြားခွင့်ရရှိရေးကို လွယ်ကူမယ်ထင်ပြီး
ဆွေးနွေးတယ်။ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပါတီအစုအဖွဲ့ဆိုပြီး အစုအဖွဲ့သုံးခုပုံစံနဲ့
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံပုံစံထက် UPDJC ပုံစံ ဆွေးနွေးပါတယ်'' ဟု ပြော သည်။
ညီလာခံကို မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊
ကောလိပ် အသီးသီးတွင် ပညာ သင်ယူနေကြသော အသက် ၁၇ နှစ်မှ ၂၄ နှစ်အတွင်းရှိ ကျောင်းသား
ကျောင်းသူ ၈၀ တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူငယ်များကိုယ်တိုင် ပါဝင်ခွင့်
ရရှိရေး၊ ဖက်ဒရယ်ရေးရာနှင့် တိုင်းရင်းသားဘာသာစကား သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအပေါ်
စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြသည်။
ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ
မြန်မာအင်စတီကျုမှ အလုပ်အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ''UPDJC ကို တင်သွင်းမယ်ဆိုပြီး
ကျောင်းသားတွေ ပထမဆုံးလုပ်တဲ့ အသွင်တူညီလာခံမှာ စုစည်းချက်ရပါတယ်။ ကျွန်တော်တို့က ဒါကို
UPDJC အစည်းအဝေးရောက်အောင် ပို့ပေးနိုင်မယ်လို့ ထင်ပါတယ်'' ဟု မီဒီယာများ၏ မေးမြန်းမှုကိုဖြေကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း)
ဖြစ်မြောက်ရေးအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုနှင့်
PLAN International of Myanmar တို့က ကူညီပေးခဲ့ခြင်းဖြစ်သည်။
''ပထမ သုံးရက်တာကာလမှာ ကျောင်းသားတွေ
လိုအပ်တဲ့ စွမ်းရည်မြှင့် သင်တန်းတွေပေးပြီးတော့ ကျန်တဲ့နှစ်ရက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
(အသွင်တူဆောင်ရွက်ခြင်း) ကို ပြုလုပ်ခဲ့ပါတယ်'' ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ
(အသွင်တူဆောင်ရွက်ခြင်း) ဖြစ်မြောက်ရေး ကော်မတီမှ ကိုဆောင်းဝဏ္ဏကပြောသည်။
ငါးရက်ကြာ ဆွေးနွေးမှုအပြီးတွင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်
လူငယ်များအနေဖြင့် ကျယ်ပြန့်စွာ ပါဝင်နိုင်ရေးအတွက် အဓိက အချက်သုံးချက် ရရှိခဲ့ကြောင်း
သတင်းစာရှင်းလင်းပွဲမှ သိရ သည်။
အဆိုပါအချက်များမှာ (၁) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်
လူငယ်များပါဝင်ရာတွင် အစိုးရ ပညာရေးဌာနနှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များအနေဖြင့်
ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားသင်ယူမှုကို ပိတ်ပင်တားဆီးခြင်း မပြုဘဲ ခိုင်မာသည့်
အာမခံချက်ပေးရန်၊ (၂) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံတွင် ''လူငယ်
အစုအဖွဲ့'' တက်ရောက် ဆွေးနွေးခွင့်ရရှိရေး တရားဝင်ခွင့်ပြုရန်၊ (၃) လူငယ်များ အားငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်
ပတ်သက်သည့် အရည်အချင်းမြှင့်တင်ရေး သင်တန်းပို့ချမှုများ ဆောင်ရွက်ပေးရန်နှင့် လူငယ်များ၏
သဘောထားအမြင်ကို ကောက်ယူ၍ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များတွင် ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်
စသည်တို့ဖြစ်သည်။
ဒေါက်တာမင်းဇော်ဦးက ''အခုအစည်းအဝေးရဲ့
ထူးခြားချက်က လူငယ်တွေ ကိုယ်တိုင် လုပ်လို့ ရအောင် ကျွန်တော်တို့က ပံ့ပိုးပေးနိုင်တာပဲ
ရှိတယ်။ ကျန်တာတွေက လူငယ်တွေ ကိုယ်တိုင် လုပ်တယ်။ အနှစ်သာရကတော့ ငြိမ်းချမ်းရေးလုပ်ငန်း
စဉ်ကို လေ့လာတာဖြစ် သလို အဲဒီလုပ်ငန်းစဉ်မှာ လူငယ်တွေ ဘယ်လိုပုံစံပါဝင်နိုင်မလဲဆိုတဲ့
ချဉ်းကပ်မှုမျိုးပါ။ နိုင်ငံရေးနဲ့ ဆိုင်တဲ့ ပုံစံမဟုတ်ဘဲ နည်းပညာအပေါ်မှာ အခြေခံပြီး
ချဉ်းကပ်တာပါ။ အနယ်နယ်ကလာတဲ့ လူငယ်တွေက ငါးရက်စလုံး မှာ တက်ကြွတယ်။ ဆွေးနွေးပွဲနေ့ဆိုရင်
သူတို့တိုင်းရင်းသား ဝတ်စုံတွေဝတ်လာကြတယ်။ သူတို့ကို အထင်ကြီးမိပါတယ်။ လက်ရှိ NLD အစိုးရ
လက်ထက်မှာ လူငယ်နဲ့ပတ်သက်ပြီး National Youth Policy ဆိုပြီး ချထားတာရှိတယ်။ အဲဒီမှာ
ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး လူငယ်တွေ ပါဝင်ရေး ဆိုတာ လည်းပါတယ်။ ဒီပေါ်လစီကို
ဘယ်လိုနည်းဗျူဟာ (strategy) နဲ့ အကောင်အထည်ဖော် မလဲဆိုပြီး ချဉ်းကပ်တဲ့အခါ ဒီလိုမျိုးစုဖွဲ့မှုတွေ၊
ဒီလိုအစည်းအဝေးတွေက ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲဆိုတာလည်းပါပါတယ်'' ဟုပြောသည်။
ယခုကဲ့သို့ ငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း)
ဖြင့် (၁) နိုင်ငံတစ်နိုင်ငံတွင် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်ပြီး ငြိမ်းချမ်းရေးရရှိရန်
ဆွေးနွေးလုပ်ဆောင်ရခြင်းသည် ထင်သလောက်မလွယ်ကူဘဲ အလွန်တရာခက်ခဲကြောင်း သိမြင်နားလည်လာပါသည်၊
(၂) ဆွေးနွေးညှိနှိုင်းရာတွင် မိမိသဘောတူညီချက်သာမက အခြားသူများ၏ သဘောထားနှင့် လိုအပ်ချက်များကို
သေချာစွာနားထောင်ပြီး နှစ်ဦးနှစ်ဖက် အနီးစပ်ဆုံး သဘောတူညီချက် ရရှိရန် ကြိုးစားသင့်ပါသည်၊
(၃) ငြိမ်းချမ်းရေးဆွေးနွေးရာတွင် နှစ်ဦးစလုံးက အပေးအယူ၊ အလျှော့အတင်း ပြုလုပ်သင့်ပြီး
နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိနိုင်ရန် ဆွေးနွေးနိုင်ခြင်း သည် တိုင်းပြည်အနာဂတ်အတွက်
အရေးကြီးလှသည်ဟူသော သင်ခန်းစာများ ကို ရရှိသည်ဟု အသွင်တူညီလာခံတွင် ပါဝင်ခဲ့သည့် တက္ကသိုလ်ကျောင်းသား
ကျောင်းသူများ က သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။
သတင်း-ရဲခေါင်ညွန့်၊ဓာတ်ပုံ-ဖိုးထောင်
No comments:
Post a Comment