Monday, November 26, 2018

ပဲခူးတိုင်းဒေသကြီး ငါးမြို့နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းအောင်မြင်ခြင်း ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ


 နေပြည်တော် နိုဝင်ဘာ ၂၅
၂ဝ၁၈ ခုနှစ် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) အခြေခံစာ တတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်း ဂုဏ်ပြုပွဲ အခမ်း အနားကို ယနေ့ နံနက် ၁ဝ နာရီတွင် ခေတ္တရာ ရတနာ မြို့တော်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ရှေးဦးစွာ ပြည်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက စာတတ်မြောက်ရေး ဝိုင်းကူပေး ယိမ်းအကဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ် သည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေခွင့်ရရှိရေး၊ ကျောင်းထွက်သူ ပပျောက်ရေး၊ အရည်အသွေးပြည့် ပညာရရှိရေး တို့အတွက် ဆရာ ဆရာမများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း၊ ပဲခူး တိုင်းဒေသကြီး (အနောက်ပိုင်း) ပေါက်ခေါင်း၊ ပေါင်းတည်၊ အုတ်ဖို၊ လက်ပံတန်း နှင့် သာယာဝတီ ငါးမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုကို အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာလ ၂၄ ရက်အထိ ရက်ပေါင်း ၄ဝ ကြာ အောင် အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ ကြောင်း၊ ပြည်တက္ကသိုလ်နှင့် ပြည် ပညာရေးကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၏ စေတနာ လုပ်အားဖြင့် စာသင်သား ၂ဝ၅၅ ဦးကို စာသင်ဝိုင်း ၁၉၄ ဝိုင်းဖွဲ့ သင်ကြားခဲ့ကြောင်း၊ အခြေခံစာတတ် မြောက်ရေးကာလအတွင်း သင်ကြားသင်ယူတတ်မြောက် ပြီးဖြစ်သော အခြေခံ အရေးအဖတ် အတွက်မှစတင်၍ စာပေများမှရရှိသော အသိပညာဗဟုသုတများကတစ်ဆင့် မိမိတို့၏ ဘဝလူနေမှုအဆင့် အတန်း မြှင့်တင်နိုင်ခြင်း၊ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အပံ့ဖြစ်ခြင်းများကို ရရှိစေမှာ ဖြစ်ပါ ကြောင်း။
၂ဝ၁၈ ခုနှစ် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) အခြေခံစာတတ်မြောက် ရေးလုပ်ငန်း အောင်မြင်ပြီးမြောက်ဖို့ အတွက် အဘက်ဘက်က ကူညီပံ့ပိုးပေး ကြပါသော တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အခြေခံစာတတ်မြောက်ရေး ကော်မတီ အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ အထူးသဖြင့် လုပ်အားဒါနပြုကြသော ပြည်တက္ကသိုလ်၊ ကောလိပ်များမှ လုပ်အားပေးကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာများအားလုံးကို ပညာရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိ ပါကြောင်း စသည်ဖြင့် ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဒေါက်တာဇော်ဝင်းက ကျေးဇူးတင် ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် ပြည်မြို့ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) မှ ကျောင်းသား ကျောင်းသူများက ဗုဒ္ဓပူဇနိယ သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေ ကြသည်။
ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သင်ယူပြီးမြောက်ခြင်း လက်မှတ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် သည်။
ထို့နောက် စာသင်သားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားပြီး ပြည်မြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ အလက (၂) မှ ကျောင်းသား ကျောင်းသူများက ထာဝရသစ္စာသီချင်းဖြင့် ကပြသီဆိုကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက အခြေခံပညာ ကျောင်းသား ကျောင်းသူ အကအဖွဲ့ သုံးဖွဲ့မှ ကိုယ်စားလှယ်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) (၅)မြို့နယ် အခြေခံ စာတတ်မြောက် ရေးလုပ်ငန်း လှုပ်ရှားမှုပြခန်းများအား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment