နေပြည်တော် နိုဝင်ဘာ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မွန်ပြည်နယ်အခြေစိုက်
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အဖွဲ့(NEI)မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ရည်မွန်စု
ဦးဆောင်သော သင်တန်းသား၊ သင်တန်းသူ (၅၄) ဦးနှင့် ဝန်ထမ်း(၉)ဦးတို့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် လာရောက်လေ့လာကြရာ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင် ရုံးမှ တာဝန်ရှိသူများက နေပြည်တော်ရှိ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏
အဓိကတာဝန်မှာ ရွေးကောက်ပွဲများ ကျင်းပပေးရန်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများသည်
အခြေခံအကျ ဆုံးဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဆိုသည်မှာ နိုင်ငံတော်၏အချုပ်အခြာအာဏာ (၃)ရပ်ဖြစ်သည့်
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး ဆိုသည့်ကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်ကြမည့်
လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ လူထု က ၎င်းတို့၏ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်နိုင်ရန်
ဆန္ဒမဲပေးဆောင်ရွက်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲများ
ကျင်းပပေးရာတွင် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အများယုံကြည်
လက်ခံခြင်း၊ ပြည်သူ့ဆန္ဒနှင့် ကိုက်ညီသောရလဒ်များ ရရှိစေရေးဆိုသည့် စံ (၅) ချက်ကိုထားရှိပြီး
ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုလည်း သတ်မှတ်စံ (၅)
ချက်နှင့်အညီ ကျင်းပပေး သွားမည်ဖြစ်ကြောင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ရွေးကောက်ပွဲ
အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန်ကာလဟူ၍ အပိုင်း (၃)ပိုင်း ဆောင်ရွက်လျက်
ရှိကြောင်း၊ ယနေ့ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက်
ကဏ္ဍတစ်နေရာမှ ပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ရာ မိမိတို့ကျရာတာဝန်များကို ကျွမ်းကျွမ်းကျင်ကျင်
ဆောင်ရွက်နိုင်ရန်အတွက် အရည် အချင်း ပြည့်ဝရန်လိုကြောင်း၊ ထို့ကြောင့် ပညာသင်ချိန်နှင့်
လုပ်ငန်းခွင်ဝင်ရောက်ချိန်မှာပါ ကြိုးစားကြ ရန်နှင့် ရိုးရိုး သားသား စေတနာထားဆောင်ရွက်ကြရန်
မှာကြားလိုကြောင်းပြောကြားပြီး ကော်မရှင်ရုံး၏ သက်ဆိုင်ရာဌာန တာဝန်ရှိ သူများက ဌာနအလိုက်
လုပ်ငန်းဆောင်ရွက်မှုများကို အကျဉ်းချုပ်ရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ်
တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက
နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်း သိရှိရ သည်။
( သတင်းစဉ် )
No comments:
Post a Comment