Tuesday, November 27, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေပြန်လည် သုံးသပ်ခြင်း ဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေး



နေပြည်တော် နိုဝင်ဘာ ၂၇
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေပြန်လည် သုံးသပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ USAID တို့နှင့် ပူးပေါင်း၍ နေပြည်တော်၊ ရွှေစံအိမ် ဟိုတယ်၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား သည်။

ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများကို ခေတ်ကာလ နှင့် လိုက်လျောညီထွေ ရှိစေရေး၊ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် လိုက်လျောညီထွေဖြစ် စေရေး၊ ပြည်သူလူထု အတွက် ပိုမိုထိရောက်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရေး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ချိတ်ဆက် ဆောင်ရွက် နိုင်ရေး၊ ကမ္ဘာ့နိုင်ငံများ၏ မူဘောင်များ၊ ကတိကဝတ်များနှင့် ကိုက်ညီမှုရှိစေရေးတို့ကိုအလေးထား စဉ်းစား ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ယခင်အလုပ်ရုံ ဆွေးနွေးပွဲ (၂)ကြိမ်ဆောင်ရွက်ခဲ့ပြီး ထွက်ပေါ်ရရှိ လာသည့် ရလာဒ်များ၊ အကြံပြုချက်များကို ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ပွင့်လင်းမြင်သာစွာချပြ ဆွေးနွေးပြီး တက်ရောက် လာသူများ၏ အကြံပြုချက်များ ရယူသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ အကျိုးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နိုင်သည့် ဥပဒေဖြစ်ရန်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကြံဉာဏ်များရယူရေး၊  ပြည်တွင်း/ပြည်ပ လူမှုအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် စနစ်တကျပူးပေါင်း ဆောင်ရွက်မှုများကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် ညီညွတ် စေရေးမှာ အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒဖြစ်သည့် ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်သောလူမှု အသိုက် အဝန်းကို ထူထောင်နိုင်ရေးအတွက် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၃)ခု၏ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်း ဆောင်ရွက် မှုများအပေါ် ထည့်သွင်းဆွေးနွေးပြီး အားနည်းချက်များကို သုံးသပ်ဆွေးနွေးရန် ဖြစ်ကြောင်း၊ အားလုံး၏ အကြံပြုချက်များပါဝင်ပြီး ပြည်သူ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်သည့် ဥပဒေဖြစ်စေရေး အတွက် အလေးထားပြီး အကြံပြု ဝိုင်းဝန်း ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန် ရှိသူများ၊ အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အောက်ရှိ လုပ်ငန်းကော်မတီများမှ ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ အသိပညာ အတတ် ပညာရှင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ DRR Working Group နှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများသဘာဝ ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံကြက်ခြေနီ အသင်း တို့မှ တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment