မန္တလေး နိုဝင်ဘာ ၂၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Mercure Mandalay Hill Resort၊
မန္တလေးမြို့တွင် ကျင်းပသည့် (၁၃) ကြိမ်မြောက် အာဆီယံ အစားသောက်
ဓါတ်ခွဲခန်းများ ဆိုင်ရာ ကော်မတီ အစည်းအဝေး (AFTLC)၊ ပထမအကြိမ်မြောက် Joint
Sectorial Committee on Mutual Recognition Agreement on Prepared
Foodstuff (JSC MRA)၊ (၁၉) ကြိမ်မြောက် Task Force on Harmonization of
Prepared Foodstuff Standards (TF HPFS) နှင့် (၂၇) ကြိမ်မြောက်
အသင့်ထုတ်ပိုး စားသောက်ကုန် လုပ်ငန်းဆိုင်ရာ အစည်းအဝေး
ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ရှေးဦးစွာ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ယခု အစည်းအဝေးများမှ အာဆီယံနိုင်ငံများအတွင်း စားသောက်ကုန်များနှင့် ပတ်သက်၍ စံချိန်စံညွှန်းများ ချမှတ်နိုင်ကာ နိုင်ငံများအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုရရှိစေနိုင်မည် ဖြစ်သဖြင့် များစွာ အကျိုးရှိမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ နေ့စဉ်စားသုံးနေ ရသော အစားအသောက်များနှင့် ဆေးဝါးများသည် ကျန်းမာရေး အပေါ် လွန်စွာ အကျိုးသက်ရောက်မှု ရှိပြီး ယနေ့ကျင်းပပြုလုပ်သော အစည်းအဝေးများသည် မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများ၏ စားသောက်ကုန်ဆိုင်ရာ ကဏ္ဍများတွင် ပိုမိုဖွံ့ဖြိုး တိုးတက်မှုများ ရရှိရန်အတွက် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံ၌ အစားအသောက်များတွင် အဆီ၊ အငန်၊ သကြားနှင့် ဓာတုဗေဒ ပစ္စည်းများ ပါဝင်မှု ပမာဏကို သတိပြုမိခြင်းမရှိဘဲ လွန်ကဲစွာ စားသုံးမိခြင်းကြောင့် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ စားသောက်ကုန်ဆိုင်ရာ ကျန်းမာရေး အသိပညာများ ကြွယ်ဝ စေရန် ဘက်စုံကြိုးပမ်း လုပ်ဆောင်လျက်ရှိကြောင်း၊
ကျန်းမာရေး အသိပညာကြွယ်ဝပါက ပြည်သူများအနေဖြင့် အရည်အသွေးမပြည့်မှီ သည့် ဘေးဖြစ်စေနိုင်သော အစားအသောက်များကို စားသုံးခြင်းမှ သတိပြု ရှောင်ကြဉ် လာကြ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် အိမ်တွင်းလုပ်ငန်း ငယ်များမှစ၍ စားသောက်ကုန် လုပ်ငန်း ကြီးများအထိ အသင့်ထုတ်ပိုး စားသောက်ကုန်များကို ထုတ်လုပ်လျက်ရှိပြီး တရားမဝင်သော လမ်းကြောင်းများမှလည်း ဝင်ရောက်လျက် ရှိခြင်းကြောင့် ထိုသို့သော အသင့်ထုတ်ပိုး စားသောက်ကုန်များနှင့် ပတ်သက်၍ လုပ်ငန်းကဏ္ဍများသည် လွန်စွာကျယ်ပြန့်ကာ အခက်အခဲနှင့် စိန်ခေါ်မှု များစွာလည်းရှိပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် စားသောက်ကုန်များနှင့် ပတ်သက်၍ အာဆီယံဒေသတွင်း လိုက်နာ ရမည့် စံချိန်စံညွှန်းများကို ပြည့်မီစေရန်အတွက် မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေ၊ ကျွမ်းကျင်ပညာရှင် လူ့စွမ်းအားနှင့် အရင်းအမြစ်များ ရရှိမှု၊ စားသောက်ကုန်များ စစ်ဆေးရန် ခေတ်မီစက်ကိရိယာများနှင့် ဓာတ်ခွဲခန်းများရှိမှု၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ကူညီပံ့ပိုးပေးနိုင်မှုစွမ်းရည်၊ နိုင်ငံတော်၏ စားသောက်ကုန်ဆိုင်ရာ မူဝါဒ စသည့် အခြေအနေများ အပေါ်မူတည်၍ အဆင့်လိုက် အပိုင်းလိုက် ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊
ယနေ့ အစည်းအဝေးများတွင် တက်ရောက်လာကြသော အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် များအနေဖြင့်လည်း ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပညာရပ်များကိုသာမကဘဲ နိုင်ငံအသီးသီးတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ အတွေ့အကြုံများကိုပါ ဝေမျှကြစေလိုပြီး အထူးသဖြင့် တရားမဝင် ဝင်ရောက်သည့် စားသောက်ကုန်များနှင့် ပတ်သက်၍ နိုင်ငံအသီးသီး တွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို ဝေမျှကြစေ လိုပါကြောင်း၊ ရှေ့ဆက်လက်၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကွန်ရက်သဖွယ် ချိတ်ဆက်၍ ပူးပေါင်း ဆောင်ရွက်ကြ စေလိုပါကြောင်း၊
အစည်းအဝေးများတွင် ဆွေးနွေးမည့် ခေါင်းစဉ်များအနက် အသင့်ထုတ်ပိုး စားသောက်ကုန် များတွင် အာဟာရပါဝင်မှု တံဆိပ်စာသားများနှင့် စံချိန်စံညွှန်များ တစ်ပြေးညီဖြစ်စေရေး တို့မှာ မိမိတို့နိုင်ငံအတွက် အရေးကြီးသော အကြောင်း အရာများဖြစ်ကြောင်း
ယခုကဲ့သို့ အစည်းအဝေးများမှ ထွက်ပေါ်လာသော ရလဒ်များနှင့် အကြံပြုချက်များကို သဟဇာတမြင့်မားစွာ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် အာဆီယံနိုင်ငံများ၏ စားသောက်ကုန်များသည် ဒေသတွင်း သာမက ဒေသအပြင် အဆင့်အထိ ထိုးဖောက်နိုင်ကာ စီးပွားရေး ကဏ္ဍတွင် တိုးတက်လာနိုင်ရုံသာမက ဘေးအန္တရာယ် ကင်းပြီး အရည်အသွေးပြည့်ဝသည့် စားသောက်ကုန်များ စားသုံးရသဖြင့် ပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်းများ လည်း တစ်စထက် တစ်စ ပိုမိုကောင်းမွန် တိုးတက် လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များကို အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
အစည်းအဝေးများကို နိုဝင်ဘာ (၂၃)ရက်မှ (၂၇)ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး အာဆီယံ နိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်း၊ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာနိုင်ငံတို့မှ ကျန်းမာရေး၊ အစားအသောက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဓာတ်ခွဲဆိုင်ရာ ပညာရှင်များနှင့် တာဝန်ရှိသူများ (၇၀)ဦးခန့် တက်ရောက်ဆွေးနွေး သွားကြမည် ဖြစ်သည်။
No comments:
Post a Comment