Sunday, November 25, 2018

ကရင်ပြည်နယ်တွင် သောက်သုံးရေရှားပါးမှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆောင်ရွက်



နေပြည်တော် နိုဝင်ဘာ ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော သောက်သုံးရေ လိုအပ်သော ဒေသခံ တိုင်းရင်းသားများ အတွက် စက်ရေတွင်း၊ အုတ်ရေကန်နှင့် ရေစက်ရုံ တည်ဆောက်ရေးအတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လျက်ရှိရာ မြန်မာနိုင်ငံရှိ အချို့ဒေသများတွင်လည်း ပုံမှန်မဟုတ်သော သဘာဝဘေးအန္တရာယ်များ မကြာခဏ ကြုံတွေ့ရလေ့ရှိကြောင်း၊ နှစ်စဉ်နွေရာသီရောက်ရှိပါက ကရင်ပြည်နယ် ဒေသအချို့တွင် သောက်သုံးရေ ရှားပါးမှု ဒဏ်ကို ခံရလေ့ရှိသဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယခုကတည်းက စတင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သုခလင်းမြိုင်၊ ဆုံဆည်းမြိုင် ဒေသများရှိ ပြည်သူများ သောက်သုံးရေချိုရရှိရေးအတွက် စက်ရေတွင်း၊ အုတ်ရေကန်နှင့် ရေစက်ရုံတို့ကို ဆောက်ရွက်ရန်အတွက် ယနေ့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ပြီး စီးပါက ပတ်ဝန်းကျင်ဒေသရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများ သောက်သုံးရေ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ယခုနှစ် အယ်နီညို ရာသီဥတု ဖြစ်ပေါ်လာပါက ရေရှားပါးမှုဒဏ်ကို ကြိုတင်ကာကွယ်ထားနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထောက်ပံ့ငွေ (၁၈၆) သိန်းကို ပြည်ထောင်စုဝန်ကြီးက လွှဲပြောင်းပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လက်ခံရယူသည်။
ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းအစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မိမိဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားများ နေထိုင်သော ပြည်နယ်များတွင် ဦးစားပေးပြီး မူးယစ်ဆေးဖြတ်ပြီးသူများ မူးယစ်သံသရာ ပြန်မလည်စေရန် စခန်းအခြေပြုနှင့် ရပ်ရွာအခြေပြု မူးယစ်ဆေး ဖြတ်ပြီး သူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ သင်ကြားပေးခြင်းဖြင့် ၎င်းတို့၏ ပတ်ဝန်းကျင်ဘဝသစ်တွင် မိမိကိုယ်မိမိ ယုံကြည်မှုဖြင့် နေထိုင်သွားလာနိုင်ပြီး အကျိုးပြုသောသူများ ဖြစ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ကရင်ပြည်နယ်တွင် မူးယစ်ဆေး ဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အတွက် ပူးပေါင်းပါဝင် အကြံပြု ဆွေး နွေးကြပါရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက မူးယစ်ဆေး ဖြတ်ပြီး သူများ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာအလိုက် အကြံပြုဆွေးနွေးခဲ့ကြပြီး လိုအပ်ချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment