Sunday, November 25, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြိုင်ကြီးငူ ဆရာတော် ဘုရားကြီး ဘဒ္ဒန္တသုဇန၏ ဥတုဇရုပ်ကလာပ်တော်ကို သွားရောက် ဖူးမျှော်ကြည်ညို၍ လှူဒါန်းမှုများပြုလုပ်



နေပြည်တော် နိုဝင်ဘာ ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကြီးငူ၊ စုံနံ့သာမြိုင် ဆွေမြို့တော်သို့ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၃၀ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော သက်တော် (၇၁) နှစ်၊ ဝါတော် (၅၂) ဝါရှိ မြိုင်ကြီးငူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုဇန၏ ရုပ်ကလာပ်တော်ကို သွားရောက်ဖူးမျှော် ကြည်ညို သည်။

မြိုင်ကြီးငူဆရာတော်ဘုရာကြီးသည် သာသနာ့အရေးနှင့် ငြိမ်းချမ်းရေးအတွက် ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသတွင် အစပြု၍ နိုင်ငံတော်နှင့် ကရင်ပြည်နယ်အတွက် အကျိုးပြုလုပ်ငန်း တာဝန်များကို ကြိုးပမ်းအားထုတ်ခဲ့သည်။ ယခုအခါ အပူဇော်ခံ ထားရှိသော ဆရာတော်၏ ရုပ်ကလာပ်ကို အများပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရန် အတွက် မြိုင်ကြီးငူ၊ စုံနံ့သာမြိုင် ဆွေမြို့တော်တွင် ယာယီစံကျောင်းတော်ဖြင့် အပူဇော်ခံရန် ပြင်ဆင်ထားရှိသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြွရောက်လာသည့် သံဃာတော် အရှင်သူမြတ် တို့အား ဆွမ်းဆက်ကပ်ခြင်း၊ ဝန်ကြီးဌာနက လှူဒါန်းငွေကျပ် (သိန်းသုံးဆယ် ခုနှစ်သောင်းငါးထောင်)နှင့် ဆရာတော်၏ ထေရုပတ္တိအကျဉ်းနှင့် သာသနာ့အရေး၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းစွမ်းဆောင်မှု မှတ်တမ်းစာအုပ် (၅၀၀) အုပ်တို့ကို ရေစက်သွန်းချ လှူဒါန်းခဲ့သည်။
ဆရာတော်၏ အန္တိမဈာပနကို မြိုင်ကြီးငူ၊ စုံနံ့သာမြိုင် ဆွေမြို့တော်၌ နိုဝင်ဘာ -၂၇ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment