နေပြည်တော်
နိုဝင်ဘာလ ၂၄
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
အနေဖြင့် နှစ်အလိုက် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေး
အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ လာမည့် နွေရာသီတွင် တိုးတက် သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို
ဖြည့်ဆည်းပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင်
ဟောင်ကောင်အခြေစိုက် ကုမ္ပဏီဖြစ်သော VPower Holding Limited မှ Independent Power
Producer (IPP) , Build - Operate - Own (BOO) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်
၉၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်ဓာတ်အားပေး စက်ရုံစီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ
ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး
လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် VPower Holding Limited ၏တာဝန်ရှိသူတို့မှ
စီမံကိန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်
များကို မှာကြားခဲ့ပြီး စီမံကိန်း လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မြင်းခြံ
၉၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေး စက်ရုံစီမံကိန်းသည် ပြည်တွင်းထွက် သဘာဝ ဓာတ်ငွေ့ဖြစ်သော
ရွှေကမ်းလွန်မှ သဘာဝဓာတ်ငွေ့တစ်ရက် ကုဗပေ ၂၀သန်းကို အသုံးပြုပြီး ၂၀၁၉ ခုနှစ် နွေရာသီအမီ
ဓာတ်အား လိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး
အဆိုပါ ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော ဓာတ်အားကိုမြင်းခြံ ၁၃၂ ကေဗွီဓာတ်အားခွဲရုံမှတစ်ဆင့်
မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်၊ နွားထိုးကြီးနှင့် ညောင်ဦးမြို့နယ်များသို့ လည်းကောင်း
ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်
ပို့လွှတ်ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါသည်။ စက်တပ်ဆင်အင်အားမှာ (၁.၅၆)မဂ္ဂါဝပ် ဓာတ်အားပေး
စက်(၆၄)လုံးဖြင့် စုစုပေါင်း (၉၉.၈၄)မဂ္ဂါဝပ်ဖြစ်ပြီး အာမခံထုတ်လုပ်နိုင်မည့် ဓာတ်အားပမာဏမှာ
(၉၀)မဂ္ဂါဝပ်ဖြစ်၍ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ယူနစ်သန်းပေါင်း (၆၃၀) ဖြစ်ကြောင်း
သိရှိရသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် SembcorpMyingyan
Power Co.,Ltd. မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၂၂၅ မဂ္ဂါဝပ်သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး
စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှင်းလင်းဆောင်တွင်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး
ဦးခင်မောင်ဝင်းနှင့် SembcorpMyingyan Power Co.,Ltd. ၏ တာဝန်ရှိသူတို့မှ စီမံကိန်းဆောင်ရွက်ပြီးစီးမှု
အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး
လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓာတ်အားပေးစက်ရုံ
တည်ဆောက်ပြီးစီးမှု အခြေအနေ များအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
၂၂၅
မဂ္ဂါဝပ်မြင်းခြံ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ ပထမအဆင့်အနေဖြင့် (၁၄၄) မဂ္ဂါဝပ်ကို
မေလ(၇)ရက်တွင် လည်းကောင်း၊ ဒုတိယအဆင့် အနေဖြင့် (၈၁) မဂ္ဂါဝပ်ကို အောက်တိုဘာလ(၂) ရက်တွင်လည်း
ကောင်းစီးပွားဖြစ် စတင်ဓာတ်အား ထုတ်လုပ်သည်။ ဓာတ်အားပေး စက်ရုံ၏ စုစုပေါင်းစက်တပ်ဆင်
အင်အားမှာ (၂၃၀) မဂ္ဂါဝပ်ဖြစ်ပြီး အာမခံထုတ်လုပ်နိုင်မည့် ဓာတ်အား ပမာဏမှာ (၂၂၅) မဂ္ဂါဝပ်ဖြစ်၍
ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ် နိုင်မှုမှာ ယူနစ်သန်းပေါင်း (၁၆၇၅) ဖြစ်သည်။ ၎င်းဓာတ်အားပေး
စက်ရုံမှ ဓာတ်အားကို ၂၃၀ ကေဗွီမြင်းခြံ သံမဏိပင်မ ဓာတ်အားခွဲရုံမှ တစ်ဆင့် ၂၃၀ကေဗွီ
သပြေဝ-မြင်းခြံသံမဏိ ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အား စနစ် အတွင်းသို့ ချိတ်ဆက်၍
ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိသည့် စက်ရုံဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment