Sunday, November 25, 2018

ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် စက်ဘီးအစီး (၁၀၀) လှူဒါန်းသည့် အခမ်းအနား ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၄
စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့် Win &WinCo.,Ltd မှ စက်မှုဝန်ကြီးဌာနသို့ လှူဒါန်းထားသည့် စက်ဘီးအစီး(၁၀၀)အား ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို သာဂရစက်မှုနယ်မြေရှိ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရေတာရှည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ Win & Win Co.,Ltd မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများတက် ရောက်ကြသည်။

အစီအစဉ်အရ Win & Win Co.,Ltd ဒုဥက္ကဋ္ဌမှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်ဘီးအစီး(၁၀၀)လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဟန် က Win & Win Co.,Ltd အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို မှပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် စက်ဘီးအစီး (၁၀၀)အား လွှဲပြောင်းပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကမိမိတို့ဝန်ကြီး ဌာနအနေဖြင့် ဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ပါက အလျင်အမြန် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူအလျင် အမြန်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ရန် စီမံထားရှိပါကြောင်း၊ သို့မှသာ ဖွံ့ဖြိုး တိုးတက်မှုများ၏ အရှိန်အဟုန် ရပ်တန့်သွားမည် မဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီး ဌာနနှင့် အကျိုးတူ ပူးပေါင်း၍ (PPP) စနစ်ဖြင့် ဆောင်ရွက်နေသည့် ကုမ္ပဏီမှ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် စက်ဘီးများလှူဒါန်း ခြင်းသည် ပြည်သူများမှ ပြည်သူများသို့ ပြန်လည် မျှဝေခြင်းဖြစ်သည့်အတွက် စုပေါင်းအားကို ပြသခြင်း ဖြစ်ကြောင်း၊ လှူဒါန်းသည့် အတွက်လည်းများစွာ ကျေးဇူးတင်ရှိပါကြောင်း၊ Win & Win Co.,Ltd အနေဖြင့် ပိုမိုတိုးတက် အောင်မြင်ပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှ ဒီဇိုင်းရေးဆွဲတီထွင် ထုတ်လုပ်ထားပြီး ပြည်နယ်နှင့်တိုင်း အသီးသီးသို့ လှည့်လည်၍ သင်တန်း ပို့ချလျက်ရှိသော သက်မွေးပညာ ရွေ့လျား သင်တန်းကားများ ဖြစ်သည့် လျှပ်စစ်ဘာသာရပ် ၊ Welding ဘာသာရပ်၊ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းရေးဘာသာရပ် အထူးပြု သင်ကြားရေး အထောက်အကူပြု မော်တော်ယာဉ်များ၊ ကျန်းမာရေးဝန်ကြီးဌာနအတွက် ဖန်တီး ထုတ်လုပ်ထားသည့် လူနာတင်ယာဉ်နှင့် သင်ကြားရေး အထောက်အကူပြု သရုပ်ပြ လူနာတင်ယာဉ် နှင့် Mobile ရွေ့လျားဈေး ကားတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment