Sunday, November 25, 2018

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင် အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၅

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကုန်းသာ ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသ၊ သက်တော် (၈၅) နှစ်၊ သိက္ခာတော် (၆၅) ဝါ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပုသိမ်မြို့၊ သရောင်းချောင်းသုဿန်၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲဝင်းဦး၊ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်တို့ တက်ရောက် ပူဇော်ခဲ့ကြသည်။

အခမ်းအနားကို ဆရာတော် သံဃာတော်အရှင်သူမြတ်များ အမှူးပြုသော ပရိသတ် အားလုံးက – သဗ္ဗေ သင်္ခါရာ အနိစ္စာတိ — အစချီသော သုံးဂါထာကို ရွတ်ဆိုကာ သံဝေဂ ဉာဏ်ပွားများ၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ သန်လျင်မြို့၊ မင်းကျောင်းဆရာတော်ကြီးထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်ကြီး၏ ဥတုဇရုပ် ကလာပ်တော်အား ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲဝင်းဦး၊ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်တို့က စိန်ကတ္တီပါ လွှမ်းခြုံ ပူဇော်သည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော်သံဃနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ၊ ဘဒ္ဒန္တအဂ္ဂဓမ္မ၊ ဓမ္မရောင်ခြည်ကျောင်းမဟာထေရ်က ရွတ်ဖတ်ပူဇော်ကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဝမ်းနည်းကြောင်း သဝဏ်လွှာ ဖတ်ကြားပူဇော်ပြီး ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာ အရှင်ဇောတိဿရက ဖတ်ကြားပူဇော်သည်။
ယင်းနောက် ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား သင်္ကန်းစသော လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ သန်လျင်မြို့၊ မင်းကျောင်း ဆရာတော်ကြီးက သံဝေဂဉာဏ်ပွားများတော်မူကြောင်း မရဏ နုဿတိ ဘာဝနာတရားနှင့် ရေစက်ချ အမျှပေးဝေ၍ အခမ်းအနား ပထမပိုင်းကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ နိုင်ငံတော် ဩဝါဒစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာ ပရိယတ္တိ စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တ ဝိဿုတအရှင်သူမြတ်က ဂုဏထောမနာ ဂါထာနှင့် ပစ္ဆိမဝန္ဒနာဂါထာတို့ကို ရွတ်ဖတ်ပူဇော်၍ တပည့်သံဃာ၊ ဒါယကာ ဒါယိကာမများက အပြစ်ရှိလျှင် သည်းခံခွင့်လွှတ်တော်မူပါရန် နောက်ဆုံးကန်တော့ တောင်းပန် လျှောက်ထားသည်။
ဆက်လက်၍ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကရဝိတ်ယာဉ်ဖြင့် အန္တိမအဂ္ဂိဈာပနကျင်းပရာဌာနသို့ ပင့်ဆောင်မီးပူဇော်ပြီး အရိုးတော် ပြာတော်များအား ရတနာရွှေအိုး၊ ငွေအိုးတွင် ထည့်သွင်းပူဇော်၍ ဥဒကပဝါဟန ရေမျှောပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment