Saturday, November 24, 2018

အဆင့်မြင့်ပညာရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၃ ရက်နံနက် (၁၀) နာရီတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်မှ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ ကော်မတီမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အဆင့်မြင့် ပညာကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များနှင့် ပတ်သက်သော သင်ကြားသင်ယူရေး၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
အမျိုးသားပညာရေး ဥပဒေ (၂၀၁၄) နှင့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၅)၌ အဆင့်မြင့်ပညာရေး ဆိုသည်မှာ အခြေခံပညာရေး၏ အမြင့်ဆုံးအဆင့် သို့မဟုတ် ယင်းနှင့်တူညီသော အဆင့် အောင်မြင်ပြီးသူများကို အမျိုးသားပညာရေး မူဝါဒကော်မရှင်က အသိအမှတ်ပြုထားသည့် ကျောင်းတစ်ခုခုမှ လေ့ကျင့်သင်ကြားပေးထားသော ပညာရေးဟု ဖော်ပြထားပါကြောင်း။
အမျိုးသားပညာရေး မူဝါဒကော်မရှင်သည် အဆင့်မြင့်ပညာရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရန် သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် လွတ်လပ်စွာ ရပ်တည်သော ကော်မတီ တစ်ခုကို ဖွဲ့စည်းပေးနိုင်သည်ဟု ပုဒ်မ (၂၇)တွင် ဖော်ပြထားပါကြောင်း၊ ထိုဥပဒေနှင့်အညီ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ကောလိပ်၏ လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲမှုကို မထိခိုက်စေဘဲ ကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေးအတွက် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရန် တတိယမြောက် ကော်မတီဖြစ်သော ပါမောက္ခချုပ်များ ကော်မတီကို ဧပြီ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း။
တက္ကသိုလ်ကောင်စီသည်လည်း သက်ဆိုင်ရာ တက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ ၎င်းတို့နှင့် အဆင့်တူညီသော ပုဂ္ဂိုလ်များ၊ မဟာဌာနမှူးများ၊ ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ စီမံခန့်ခွဲရေးနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာများ၊ ကျောင်းသားများက ရွေးချယ်သော ကိုယ်စားလှယ်များ၊ အများယုံကြည်လေးစားသည့် ပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်ပညာရှင်များ အပါအ၀င် သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ် စာတမ်းအရ ဖွဲ့စည်းသည့် ကောင်စီဖြစ်ပါကြောင်း။
အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်သည့် ကျောင်းများတွင် လွတ်လပ်သည့် သင်ကြား၊ သင်ယူမှုနှင့် လွတ်လပ်စွာ စီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးရမည်ဖြစ်ပါကြောင်း၊ သုတေသနနှင့် ပညာရပ် ဖွံ့ဖြိုးမှုကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး တက္ကသိုလ်၏ စီမံခန့်ခွဲရေးကို တက္ကသိုလ်ကောင်စီက တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားပညာရေး ဥပဒေပုဒ်မ (၆၄) အရ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များသည် ကိုယ်ပိုင်ရန်ပုံငွေ ရှာဖွေထူထောင် ဆောင်ရွက်ခွင့်ရှိပါကြောင်း။
၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်(၁၇၆)ကျောင်း၌ ကျောင်းသား ဦးရေ (၉၇၈၉၃၅) ဦးရှိပြီးဘွဲ့ရဦးရေ (၁၂၀၅၈၁) ဦးကို မွေးထုတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာ အဆင့်မြှင့်တင်နိုင်ရေး၊ နိုင်ငံတကာ အဆင့်မီရေးအတွက် ကျောင်းသားများ၊ ဆရာများ၊ ပါမောက္ခများ၊ ပါမောက္ခချုပ်များ၊ မိဘများ၊ ကျောင်းသားဟောင်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ လုပ်ငန်းအဖွဲ့ အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ၀န်ကြီးဌာနများနှင့် နိုင်ငံတော်အစိုးရ အပါအ၀င် အားလုံးက ပြုပြင်ပြောင်းလဲကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်(၁၂)ကျောင်းမှစတင်၍ တာဝန်ယူ တာဝန်ခံနိုင်သည့် တက္ကသိုလ် ဖွဲ့စည်းပုံများနှင့် လိုက်လျောညီထွေရှိသော တက္ကသိုလ်ကောင်စီများ၊ တက္ကသိုလ် အဖွဲ့အစည်းများ ဖွဲ့စည်း တည်ထောင်၍ ကိုယ်ပိုင်စီမံခန့်ခွဲသော စနစ်သို့ ဦးတည်ပြုပြင် ပြောင်းလဲရန် အားပေးကြရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုများ ဖြင့် တက္ကသိုလ်များ Research Network ထူထောင်နိုင်ရေး၊ စီမံခန့်ခွဲရေးနှင့် စာရင်းစစ်သင်တန်းများ ဖွင့်လှစ်ပို့ချပေးလိုပါကြောင်းသို့မှသာ သွက်လက်မြန်ဆန်မှန်ကန်သည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိပြီး နိုင်ငံ တကာ အဆင့်မီသည့် အဆင့်မြင့်ပညာရေးကို ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့်ပြောကြား သည်။
ထို့နောက် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး၊ ဒုတိယဥက္ကဋ္ဌဒေါက်တာ စိုးဆင့်တို့က ပါမောက္ခချုပ်များ ကော်မတီ၏ ဖွဲ့စည်းပုံလုပ်ငန်း တာဝန်များနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြကြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆွေးနွေး အကြံပြုကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment